
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တစ်နေရာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့် မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Mindat တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွင်း ထိခိုက်ပျက်စီးသွားတဲ့ မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ်တွေရဲ့ပျက်စီးမှုတွေကိုလည်း CDF – Mindat ဖော်ပြချက်အရ တွေ့ရပါတယ်။
CDF -–Mindat ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။
မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF – Mindat နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို CDF – Mindat က ဆောင်ရွက်နေတာဖြစ်ပါတယ်။

