
ဒီဇင်ဘာလ ၂၃ ရက်။
တိုက်ပွဲအရှိန်မြင့်တက်နေတဲ့ ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခရပ်စဲရေး သက်ဆိုင်ရာ တစ်ဖွဲ့ချင်းနဲ့ ညှိနှိုင်းမှုတွေ စတင်ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ပါတီစုံရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC)က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၎င်းတို့ ရွေးကောက်ပွဲကြေညာစာတမ်း ဖော်ပြချက်အရ သိရပါတယ်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကြား တိကျခိုင်မာတဲ့ အာဏာခွဲဝေမှုရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၊ ချင်းပြည်နယ်အစိုးရအနေဖြင့် ဒေသတွင်း သယံဇာတအရင်းအမြစ်နှင့် အကျိုးအမြတ် စီမံခန့်ခွဲပိုင်ခွင့်ရှိရေး နှင့် ပြည်နယ်တရားလွှတ်တော်မှာ ချင်းပြည်နယ်နှင့် သက်ဆိုင်သည့် ဥပဒေတွေကို အလေးအနက် ဖွင့်ဆိုခွင့်ရရှိရေး စတဲ့ ချင်းပြည်သစ် ကွန်ဂရက်ပါတီ ( NCC) က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ၎င်းတို့ ပါတီရဲ့ အန္တိမ ရည်မှန်းချက်တွေကို အခု ဖော်ပြလာတာတွေ့ရပါတယ်။
ချင်းပြည်သစ် ကွန်ဂရက်ပါတီ ( NCC) အနေဖြင့် ရွေးကောက်ပွဲအလွန် လုပ်ငန်းအစီအမံတွေ အနေဖြင့် စစ်ရေးပဋိပက္ခ ချက်ချင်းရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ စတင်ဆောင်ရွက်မယ့်အကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေးကြိုးမယ့်အကြောင်းနှင့် ပြည်သူဘဝလုံခြုံမှု အာမခံချက်ရရှိစေရန် ကျေးရွာတွေ ပြည်သူတွေ ဘေးကင်းရာကို စနစ်တကျ ရွှေ့ပြောင်းနိုင်ရေး စတာတွေ ဆောင်ရွက်မယ်လို့လည်း ၎င်းတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ တွေ့ရပါတယ်။
ချင်းပြည်သစ် ကွန်ဂရက်ပါတီ ( NCC) ပါတီဟာ အာဏာသိမ်းမှုအလွန်ကာလ စစ်ကော်မရှင်ပြန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပြီး ပါတီဦးဆောင်သူတွေအနေဖြင့် ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အထိ ချင်းပြည်နယ် ၊စည်ပင်၊ လျှပ်စစ် ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးထက်က ပါတီဥက္ကဌအနေဖြင့် ဆောင်ရွက်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ချင်းပါတီတချို့က ကိုယ်စားလှယ်ဟောင်းတွေ နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ တချို့လည်း ပါဝင်တဲ့ကြောင်းသိရပါတယ်။
၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်က ဦးစီးပြီး ကျင်းပမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ချင်းပြည်နယ် ဟားခါး၊ တီးတိန်မြို့နယ် နဲ့ စစ်ကိုင်းတိုင်းမှ ကလေးမြို့ နဲ့ တမူးမြို့နယ်တွေမှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ချင်းလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဘက်ကတော့ စစ်ကော်မရှင်ရဲ့ အတုအယောင်အရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနှင့် ပါဝင်ပက်သက်သူတွေကိုလည်း ထိရောက်စွာ အရေးယူသွားမယ်လို့ အသီးသီးက ထုတ်ပြန်ပြောဆိုထားပါတယ်။

