Headlines

မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ဒီဇင်ဘာလ ထဲမှာ ဈေးပိုရလာ

ဒီဇင်ဘာလ ၁၇ ရက်။

မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ထောပတ်သီးများ စတင် ဆွတ်ခူးတဲ့ နိုဝင်ဘာလ အစောပိုင်း ထက် ဒီဇင်ဘာလ မှာ ဈေးပို ရလာပြီး အသီးကောင်းသည့် ထောပတ် ၁လုံးကို ကျပ် ၁ ထောင် အထိ ပေးဝယ် လာခဲ့တယ် လို့ တီးတိန်မြို့နယ် နေ ထောပတ် တောင်သူများ ထံမှ သိရှိရ ပါတယ်။

“ထောပတ်က အသီးကောင်းရင် ကောင်းသလို ဈေးရတယ်။ ဝယ်လက်တွေက ကိုယ်တိုင် ခူးပြီး ဝယ်သွားတယ်။ ၁ လုံးကို ကျပ် ၁ထောင်ထိ ပေးဝယ်တဲ့ အသီးတွေ ရှိတယ်။ ဒါပေမယ့် အရမ်း မျိုးကောင်းတဲ့ အသီး မဟုတ်ရင် ကျွန်တော်တို့ အလုံးလိုက် မရောင်းတော့ဘူး။ အိတ်လိုက်ပဲ ရောင်းလိုက်ရတယ်။ တအိတ်က ကျပ် ၁သိန်း နဲ့ ဝယ် သွားကြတယ်။ အသီးကောင်းရင် ၁ အိတ်မှာ အလုံး ၁၀၀ လောက် ဆံ့တယ်။ အလုံးသေး ရင်တော့ ၁၂၀ နှင့် ၁၃၀ ကြားလောက် ဆံ့တယ်။ အလုံး လိုက်ရောင်းတာနဲ့ ဘာမှ မကွာတော့ အိတ်လိုက်ပဲ ရောင်းဖြစ်ကြတယ်” လို့ တီးတိန်မြို့နယ်က ရွာသား တဦး က ပြောပါတယ်။

ချင်းတောင်ထွက် ထောပတ်သီး အားလုံးကို အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကို တင်ပို့ ရောင်းချ ခဲ့ရခြင်း ဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး အသေချာတာကြောင့် ပြည်မဘက်ကို တင်ပို့ နိုင်ခြင်း မရှိကြောင်း၊ မီဇိုရမ် ပြည်နယ်ရှိ ဒိုင်များရဲ့ ဝယ်ယူတဲ့ ဈေး အနည်းအများကို လိုက်ပြီး ချင်းတောင် ကနေ ထောပတ်သီးများ ရှာဖွေ စုဆောင်းရကြောင်း၊ ဆောင်းလယ် ပိုင်းတွင် မီဇိုရမ် ပြည်နယ်ဘက်က အဝယ်ဒိုင်များ ပိုမို ဝယ်ယူလာတာကြောင့် ဒေသခံများထံမှ ဈေးကောင်းနဲ့ ဝယ်ယူ စုဆောင်း နိုင်ခဲ့ကြောင်း ထောပတ် ဝယ်ရောင်း လုပ်သူ တဦး ထံမှ သိရှိရပါတယ်။

“ကျွန်တော်တို့ ရွာမှာ ကျတော့ နယ်စပ်နဲ့ နီးတယ်။ ဆောင်းဝယ်လာတာနဲ့ ဝယ်လက်တွေက ချက်ချင်း ရောက်လာတယ်။ ထောပတ် အများကြီး စိုက်တဲ့ ရွာ မဟုတ်လို့လည်း ဖြစ်မယ်။ ၁ လုံးကို ကျပ် ၄၀၀ နှင့် ၆၀၀ ကြား ပေးဝယ် ကြတယ်။ အခု ဈေးကောင်းလာတော့ ရွာမှာ ထောပတ်သီး ပြတ်သွားပြီ” လို့ တီးတိန်မြို့နယ်မှ အိန္ဒိယ နယ်စပ်နဲ့ နီးတဲ့ ရွာသား တစ်ဦးက ပြောပြပါတယ်။

၂၀၂၄ ခုနှစ် ထောပတ်သီး ဆွတ်ခူးတဲ့ ရာသီမှာတော့ ချင်းပြည်နယ် တီးတိန်မြို့နယ် မှာ ၁ အိတ်လျှင် ကျပ် ၆သောင်း ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၁ သိန်း နဲ့ ဈေးပိတ်ခဲ့တယ် လို့ သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *