
ခလရ ၂၆၉တပ်ရင်းမှ စစ်ကော်မရှင်တပ် တပ်စွဲထားသည့် တီးတိန်မြို့ အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ် စိုက်ထူထားရာ Saimual တောင်ကုန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့ ၆ ခုဖြင့် ဖွဲ့စည်းထားတဲ့ ချင်းညီနောင်တပ်ဖွဲ့ (CB) မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ်မှာ အခြေစိုက် စစ်ရေး လှုပ်ရှားတဲ့ PDF-Zoland မှ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။
PDF-Zoland ရဲ့ ကြေငြာချက်ထဲမှာတော့ “နိုဝင်ဘာလ ၂၇ ရက် မနက် ၈ နာရီကစပြီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ မိမိတို့ ချင်းညီနောင် တပ်ဖွဲ့က စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအား တပ်စွဲထားသည့် နေရာမှ တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်း အချို့ ဖမ်းဆီးထားကြောင်း၊ မိမိတို့ ချင်းညီနောင် တပ်ဖွဲ့မှ အထိအခိုက် မရှိကြောင်း” ပါရှိပါတယ်။
စစ်ကော်မရှင် စစ်သားတွေက တီးတိန်မြို့ လူအဝင်အထွက် ကို မြို့အဝင် ဖြစ်တဲ့ ကြိုဆိုပါ၏ ဆိုင်းဘုတ် စိုက်ထူရာ တောင်ကုန်းက နေ ထိန်းချုပ် နိုင်ရန် ကြိုးပမ်း နေခြင်း ဖြစ်တယ်လို့ လည်း PDF-Zoland ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထား ပါတယ်။
“မနေ့ည ညဦး ပိုင်း အထိ သေနတ်သံတွေ မြို့ထဲကနေ ကြိုကြား ကြိုကြား ကြားနေရတယ်။ ဒီမနက်တော့ တမြို့လုံး တိတ်ဆိတ် နေတယ်။ မြို့ခံတွေလည်း ပုံမှန် လည်ပတ် သွားလာနေတယ်။ ကျောင်းသူကျောင်းသား တွေလည်း ကျောင်းတက်နေကြတာ တွေ့ရတယ်” လို့ လက်ရှိ အခြေအနေ နဲ့ ပတ်သက်ပြီး တီးတိန်မြို့နေ ပြည်သူတဦး က Chin World Media ကို ပြောကြား ခဲ့ပါတယ်။
တီးတိန်မြို့ လွယ်ဘွာလ် ရပ်ကွက်ရှိ ရိဒ် လမ်းခွဲ ကနေ မြို့တွင်း ယာဉ်အသွားအလာ များကို စစ်ကော်မရှင် စစ်သားများမှ နိုဝင်ဘာလ ၂၇ ရက်နေ့ မှာ ပိတ်ဆို့ တားမြစ် ထားသော်လည်း နိုဝင်ဘာလ ၂၈ မနက်ပိုင်းမှာတော့ အရင်နေ့လို့ တင်းကြပ်တာမျိုး မကြားရသေးဘူး လို့လည်း ယင်း တီးတိန်မြို့နေ ပြည်သူ ထံမှ သိရှိရ ပါတယ်။

