

နိုဝင်ဘာလ ၁၆ ရက်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူပြည်သူ ၂ဦးဟာ ဒလန်မဟုတ်ဘဲ သေဆုံးသူတွေရဲ့ မိသားစုဟာ တော်လှန်ရေးမှာပါဝင်နေသူတွေဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ CDF-Kanpetlet အဖွဲ့က နိုဝင်ဘာ ၁၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၄ရက်က စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာ ရဲမေ ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးကာ ပြည်သူ ၁၃ဦး ဒဏ်ရာရရှိခဲ့ပါ ကြောင်း၊ကျဆုံးရဲမေအား သင်္ဂြိုလ်တဲ့အချိန်မှာ ရဲဘော်ဟောင်းတဦးက သောက်စားမှုးယစ်ပြီး ရဲဘော်တွေရဲ့ သေနတ်တွေကို လိုက်လံတောင်းယူခဲ့ရာ ရဲဘော်တွေက မပေးလို့ အလစ်အငိုက်မှာ ရဲဘော် ၁ဦးရဲ့ သေနတ်လုယူပြီး စည်းမဲ့ကမ်းမဲ့ပစ်ဖောက်ခဲ့လို့ ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း CDF-Kanpetlet က ထုတ်ပြန်ပါတယ်။
နာရေးမှာပစ်ခတ်ခံရလို့ သေဆုံးသူ ၂ဦးဟာ အချို့ သောသတင်းမီဒီယာများ ရေးသားဖော်ပြသလို သူလျှိုဒလန်များမဟုတ်ကြဘဲ တော်လှန်ရေး ကာလအတွင်းပေးဆပ်ထားတဲ့ မိသားစုဝင်များဖြစ်တဲ့အပြင် လက်ရှိအချိန်မှာလည်းတော်လှန်ရေးတွင်အဖက်ဖက်မှအားကိုးအားထားရသော တော်လှန်ရေးမိသားစုဝင်များဖြစ်ကြောင်း၊ထောက်ပို့လုပ်ငန်းတွေမှာ အားကြိုးမာန်တက်ပါဝင်ကြသော မိသားစုဝင်များ ဖြစ်တယ်လို့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းကျဆုံးသူတွေနဲ့ နောက်ဆက်တွဲဖြစ်စဉ် အတွင်း ထိခိုက်သေဆုံးရသောပြည်သူနှစ်ဦးအတွက်များစွာ ဝမ်းနည်းကြေကွဲကြောင်း၊ဒါ့အပြင် နောက်ဆက်တွဲဖြစ်စဉ်အတွင်း သေဆုံးသူပြည်သူနှစ်ဦးအတွက် တရားမျှတမှုရှိစေဖို့ တည်ဆဲဥပဒေအရဖြစ်စေ၊ ချင်းအက်ဥပဒေအရဖြစ်စေသက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း CDF-Kanpetlet ကအသိပေးထုတ်ပြန်ထားပါတယ်။

