
စက်တင်ဘာလ ၅ ရက်။
Chinland Council မှ သိမ်းပိုက် အုပ်ချုပ်နေတဲ့ တွန်းဇံမြို့မှာ လစဉ်ကောက်ခံငွေ၊ အခြေအနေအလိုက် ကောက်ခံသော ငွေ၊ ထင်း များပါ အခွန်ကောက်ခံလာတဲ့ အတွက်ကြောင့် မြို့တွင်းနေ ပြည်သူများ အနေဖြင့် အခက်အခဲ ကြုံတွေ့နေရတယ် လို့ တွန်းဇံမြို့နေ ပြည်သူတစ်ဦးက Chin World Media ကို ပြောပါတယ်။
“ရေခွန်ဆိုရင် အရင်က မီတာ တပ်ထားပြီး ကိုယ်သုံး သလောက် ပေးခဲ့ရတာ။ အခု မိသားစု တခုက တလ ကို တသောင်းခွဲ ပေးရတယ်။ ဆေးခန်းဖွင့်ဖို့ တလ ကို ကျပ် သုံးထောင် ပေးရတယ်။ ဒီနှစ်ခု ကတော့ ပုံမှန်ပါ။ အခုတော့ ထင်းတွေပါ ကောက်လာတယ်။ တအိမ်ကို ထင်း အချောင်း ၄၀ တကြိမ်၊ အချောင်း ၂၀ တကြိမ် လာကောက်ပြီ။ တပ် အပြောင်းအလဲ လုပ်တိုင်း ဆိုင်ကယ် ကယ်ရီ အကြိုအပို့ အလှည့်ကျ လုပ်ပေးရတယ်။ ဆိုင်ကယ် မောင်းတဲ့ လူတွေ အတွက် တအိမ်ကို ကျပ် နှစ်သောင်းခွဲ ပေးရတယ်။ ကင်းစခန်း ဆောက်ဖို့ ဆိုပြီး ကျပ် ငါးသောင်း တခါ လာကောက်သွားတယ်။ စစ်သားတွေ ဟင်းဝယ်ဖို့ ဆိုပြီး ကျပ် တစ်သောင်းခွဲ ကောက်ခဲ့တာ မျိုးလည်း ရှိတယ်” လို့ တွန်းဇံမြို့နေ ပြည်သူတစ်ဦး က ပြောပါတယ်။
တွန်းဇံမြို့မှာ နေခဲ့တာဟာ ပျော်လို့ နေတာ မဟုတ်ဘဲ ပြေးစရာ နေရာ မရှိလို့၊ မတတ်နိုင်လို့ ဖြစ်ကြောင်း၊ မြို့မှာ ကျန်ရစ်ခဲ့သူ အများစုဟာ ဆင်းရဲ ချို့တဲ့တဲ့ အုပ်စုတွေသာ ဖြစ်ကြောင်း၊ တတ်နိုင်တဲ့ လူတွေ အတွက် ဘာမှ မဟုတ်ပေမယ့် ခက်ခဲတဲ့ မိသားစုတွေ အတွက် အတော် အကျပ်ရရိုက်ခဲ့ရကြောင်း ယင်းတွန်းဇံမြို့ခံ ဖြစ်သူ ထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။
တွန်းဇံမြို့ပေါ်တွင် ယခု ကဲ့သို့ ငွေကြေး ကောက်ခံခဲ့သည် ဟူသော သတင်းနဲ့ ပတ်သက်ပြီး CDF-Tonzang စစ်ဦးစီးချုပ် ပူထန်ဆွင်းမုန် ကတော့ “ရေခွန် အတွက် ကျပ် တစ်သောင်းခွဲ ကောက်ခံ ခဲ့ပါတယ်။ ဆေးခန်း ဖွင့်နိုင်ဖို့ အတွက် တွန်းဇံမြို့နယ် ကောင်စီ အောက်ကနေ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေး လည်ပတ် နေတဲ့ ဒေသတွေမှာ တအိမ်ထောင်ကို ကျပ် တထောင့်ငါးရာ ကောက်ခံ ထားတာ ရှိပါတယ်။ ဒါတွေက လွှဲပြီး တွန်းဇံမြို့နယ် ကောင်စီ အနေနဲ့ တခြား ကောက်ခံတာ မရှိဘူး” လို့ Chin World Media ရဲ့ မေးမြန်းချက်ကို ဖြေကြား ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ CDF-Tonzang အပါအဝင် Chinland Council အဖွဲ့ဝင် ချင်း ကာကွယ်ရေး တပ်ဖွဲ့များ မှ တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့ပြီး တွန်းဇံမြို့နယ်ကောင်စီ ဖွဲ့စည်းကာ တွန်းဇံမြို့ နှင့် ယင်းတို့၏ ထိန်းချုပ် နယ်မြေများကို စီမံအုပ်ချုပ်နေခဲ့ပါတယ်။