
စက်တင်ဘာလ ၄ ရက်။
ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မင်းတပ်မြို့နယ်အတွင်း နေထိုင်လျက်ရှိတဲ့ ပြည်သူလူထု၏ မြို့နယ်လုံးကျွတ် လူဦးရေစာရင်း ကောက်ခံခြင်း၊ ‘အိမ်ထောင်စု လူဦးရေစာရင်း’ ပြုလုပ်ပေးခြင်းများကို စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုလိုလုပ်ဆောင်တာဟာ မြို့နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နဲ့ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပိုမိုအနီးကပ် ချိတ်ဆက်လုပ်ဆောင်နိုင်ရန်အတွက် အခုလို မြို့နယ်လုံးကျွတ် လူဦးရေစာရင်း ကောက်ခံခြင်း၊ ‘အိမ်ထောင်စု လူဦးရေစာရင်း’ ပြုလုပ်ရတာဖြစ်ပြီး ပြည်သူတွေ အနေဖြင့်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပါဝင်ကူညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ဒီအိမ်ထောင်စုစာရင်းပုံစံဟာ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြဌာန်းထားတဲ့ အိမ်ထောင်စုစာရင်းဖြစ်ပြီး အိမ်ထောင်စုစာရင်းမှာ ပြောင်းဝင်၊ ပြောင်းထွက် ၊ မွေးဖွား၊ သေဆုံးမှုရှိရင် သက်ဆိုင်ရာ မြို့နယ်၊ တိုက်နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ သတင်းပို့ရမှာဖြစ်ပြီး ဒီအိမ်ထောင်စုစာရင်းပုံစံဟာ မင်းတပ်မြို့နယ်အတွင်းမှာသာ ကိုင်ဆောင်ရမှာဖြစ်တယ်လို့လည်း စည်းကမ်းချက်ပြဌာန်းထားပါတယ်။
