Headlines

ဟားခါးမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ဒေသခံ ၃ ဦးဒဏ်ရာရခဲ့ပြီး ၁ဦးဟာ စိုးရိမ်ရတယ်လို့သိရ

ဩဂုတ်လ ၂၀ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ ခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့ သေနတ်ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးဒေသခံတစ်ဦးက “ဘာကြောင့် ပစ်ခတ်လိုက်တာလဲတော့ မသိဘူး ဝမ်းဗိုက်မှန်တဲ့ အမျိုးသားအခြေအနေက စိုးရိမ်ရတယ်လို့သိရတယ် လက်ရှိဆေးရုံပို့ထားရတယ်လို့သိရတယ် နောက်ပြီး ကျောင်းတက်နေတဲ့ မိန်းကလေး ၂ ဦးတော့ ခြေထောက်မှာ ဒဏ်ရာရတယ်လို့ သိရတယ်” လို့ပြောပါတယ်။

ဟားခါးမြို့ပေါ် ပြည်တော်သာရပ်ကွက် မြို့ပေါ်လမ်းစုံ နာရီစင် အနီးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ အခုလို သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ သေနတ် ၂ ချက်ပစ်ခတ်တာ ခံရတာကြောင့်ဝမ်းဗိုက်ကို ထိမှန်ခဲ့သူရဲ့ ဒဏ်ရာဟာ စိုးရိမ်ရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ဟားခါးမြို့ပေါ်မှာ လတ်တလောမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *