
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခွေးခေါင်းရွာနေ ဂါရာပြင်ရွာကို အင်တာနက် Starlink သုံးဖို့သွားခဲ့ကြတဲ့ ကလေး ၁ ဦးအပါ ဒေသခံ လေးတူချင်းလူမျိုး ၄ ဦးဟာ သြဂုတ်လ ၁၆ ရက်နေ့က စက်လှေမှောက်လို့ ရေနစ်သေဆုံးခဲ့ပြီး အလောင်း ၃ လောင်းကို ရှာတွေ့ပေမယ့် နောက်တစ်လောင်းကိုတော့ အခုထိ ရှာနေကြတုန်းလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ စနေနေ့က ခွေးခေါင်းရွာကနေ ဂါရာပြင်ရွာကို Starlink သွားသုံးကြတာ ၈ ယောက် ၊ ၄ ယောက်က ရေနစ်သေတယ် ၊ ရေနစ်သေသွားတဲ့ သူတွေ ၃ ယောက်ရဲ့ အလောင်းကိုတော့ ရှာတွေ့ပြီ နောက် ၁ လောင်းကိုတော့ ရှာနေကြတုန်းဖြစ်တယ်လို့ သိရတယ်” လို့ပြောပါတယ်။
ရေနစ်သေဆုံးသွားသူတွေထဲက ဦးစိုးနိုင်အောင် (၃၁) နှစ် ရဲ့အလောင်းကိုတော့ ရခိုင်ပြည်နယ်၊ ချိတ်ချောင်းကျေးရွာဆိပ်ကမ်းမှာ တွေ့ခဲ့ပြီး ဦးစိုးနိုင်ရဲ့ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး အလောင်းကိုတော့ ရခိုင်ပြညနယ်၊ ဘုရားကြီးဆိပ်ကမ်းမှာ တွေ့ခဲ့သလို ၊ ဦးစိုးနိုင်အောင် သမီးဖြစ်သူ ၁ နှစ် ၇ လအရွယ် အလောင်းကိုတော့ ပလက်ဝမြို့နယ် ၊ ကြက်ဖတောင်ဆိပ်ကမ်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေနစ်သေဆုံးသူတွေထဲက အလောင်း ၁ လောင်းကိုတော့ ဒီကနေ့ချိန်ထိ ရှာမတွေ့သေးဘဲ ဒေသခံတွေကဆက်လက်ရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။