Headlines

ငွေစက္ကူ အတုများ ဖမ်းမိသတင်းကြောင့် တီးတိန်မြို့ရှိ ဈေးဆိုင်ကြီးများ အနေဖြင့် ငွေစက္ကူအတု သတိထားနေရ

ဩဂုတ်လ ၁၈ ရက်။

တီးတိန်မြို့နယ် ကျေးရွာ ၁ ရွာမှာ ငွေစက္ကူအတုများ ဖမ်းဆီးရမိတဲ့သတင်းထွက်ပေါ်ပြီးနောက်ပိုင်း တီးတိန်မြို့ ရှိ ဈေးဆိုင်ကြီးများ အနေဖြင့် ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ငွေစက္ကူအတု မလက်ခံမိဖို့ အတွက် အထူး သတိထား စိစစ်ပြီး လက်ခံ နေရတယ်လို့ ဒေသခံ ဈေးရောင်း/စျေးဝယ်သူများထံမှ သိရှိရပါတယ်။

“တစ်သောင်းတန်၊ ငါးထောင်တန် ငွေစက္ကူတွေ ဆိုရင် သတိထားပြီး တစ်ရွက်ချင်း စစ်ဆေး လက်ခံ ခဲ့ရ ပါတယ်။ ဒီ ရက်ပိုင်း အတွင်းတော့ မြို့ပေါ်မှာ ငွေစက္ကူအတု အသုံးပြုတာမျိုးတော့ မကြားရ သေးဘူး။ ဒါပေမယ့် ကြားရတဲ့ သတင်း ကြောင့်တော့ သတိ အတော် ထား နေရ ပါတယ်” လို့ ဒေသခံစျေးသည်တစ်ဦးကပြောပါတယ်။

တီးတိန်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့၏ Facebook စာမျက်နှာကနေ တီးတိန်မြို့နယ် အတွင်းရှိ ရွာတစ်ရွာမှာ ငွေစက္ကူ အတု အသုံးပြုနေတဲ့ သတင်း ရရှိတဲ့ အတွက် ကျေးရွာ ပအဖ နှင့် လူငယ် အဖွဲ့များ မှ စုံစမ်းရာမှ တစ်သောင်းတန် ငွေစက္ကူ အတုများကို ဖမ်းဆီး ရမိကြောင်း၊ ငွေစက္ကူအတုပါ ဂဏန်း အရေအတွက် စုစုပေါင်းဟာ သိန်းပေါင်း ၁၀၀ ကျော် ရှိကြောင်း၊ ငွေစက္ကူအတု ပိုင်ရှင်ကို စစ်ဆေးမေးမြန်းရာမှ အိန္ဒိယ နယ်စပ် တီအိုချောင်း ကနေ ငွေစက္ကူတုမှာ ပါရှိတဲ့ ဂဏန်း၏ ထက်ဝက်ဈေးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်တယ် လို့ သိရကြောင်း ဩဂုတ်လ ၁၆ ရက်မှာ ဖော်ပြ ထားပါတယ်။

တီးတိန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အဆိုပါ ငွေစက္ကူအတု ဝယ်ယူ အသုံးပြုသူ နှင့် အသုံးပြုခဲ့တဲ့ ရွာ နာမည်ကိုမူ ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

အာဏာမသိမ်းခင် ကာလ ကတည်းက စပြီး ငါးထောင်တန် နှင့် တစ်သောင်းတန် ငွေစက္ကူ အတုများကို ပိုက်ဆံ ထုပ်ကြီးများ အတွင်း ကြားညှပ် အသုံးပြုမှုများကို အစိုးရဘဏ်ရော ပုဂ္ဂလိက ဘဏ်များကပါ တခါတလေ ကြုံတွေ့ခဲ့ရတယ် လို့လည်း တီးတိန်မြို့ခံ တစ်ဦးမှ မှတ်ချက် ပြုခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *