Headlines

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းများ ကိုဒေသခံများမှ ကိုယ်ထူကိုယ်ထပြုပြင်နေရ

ဩဂုတ်လ ၅ ရက်။

တီးတိန်မြို့နယ် အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းမ ဖြစ်သည့် တီးတိန်-မံဆောင်း -လိုင်တွီး- ရိဒ် လမ်းပိုင်း အပါအဝင် တခြား လမ်းသွယ်များရှိ ပျက်စီးနေသော လမ်းပိုင်းများကို ဒေသခံများမှ ကိုယ်ထူကိုယ်ထ ပြုပြင် နေရတယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။

“လိုင်တွီးရွာ နှင့် တီအိုချောင်း (ရိဒ်) ကြား က လမ်း အတော် ပျက်စီးတယ်။ လိုင်တွီးရွာ ကား အသင်း နဲ့ တီအိုဘက် ကားအသင်းတွေ ပူးပေါင်းပြီး ပြင်ဆင်နေပါတယ်” လို့ ဒေသခံ တစ်ဦး ထံမှ ပြောပါတယ်။

မဏိပူရမြစ်ကို ဖြတ်ကူးပြီး သွားလာနိုင်တဲ့ တီးတိန်-ကပ်တဲလ်- လဲင်းတန် လမ်းဟာ လည်း လမ်းသား ပြိုကျတာ၊ လမ်း နံရံ ပြိုကျတာတွေကြောင့် ဇူလိုင်လ ၇ ရက်နေ့က စပြီး ဒေသခံတွေက ကိုယ်ထူကိုယ်ထ ပြုပြင် နေရတယ် လို့ ကပ်တဲလ် ရွာသား တစ်ဦး ထံမှ သိရပါတယ်။

“အခု ကပ်တဲလ် လမ်းကို ပြုပြင်တာက ကပ်တဲလ် ရွာသားတွေ တစ်အိမ် ကို ကျပ် နှစ်သောင်း ကောက်ပြီး စက်ငှား ပြုပြင်ခဲ့တာပါ။ ကပ်တဲလ်ရွာက အိမ်ခြေ ၇၅၀ ခန့် ရှိတယ်။ တခြား အကူအညီလည်း မရနိုင်တော့ အခုလို ပိုက်ဆံကောက်ပြီး ကိုယ်ထူကိုယ်ထ ပြုပြင်ခဲ့တာပါ” လို့ အဆိုပါ ရွာသားမှ ပြောပါတယ်။

လမ်းအခြေအနေ အရပ်ရပ်ကြောင့် ခရီးသွားများ နည်းပါးပြီး ယာဉ်သွားလာမှုများ လည်း နှောင့်နှေး ကြန့်ကြာမှု တချို့ ကြုံရတယ် လို့လည်း နယ်စပ်ဘက် ပြေးဆွဲတဲ့ ယာဉ်မောင်း တစ်ဦး ထံမှ သိခဲ့ရ ပါတယ်။

“ကုန်တင်ကား ဆိုရင် ကလေး-ဝေဘူလ-ဗားရ် – သိုင်းငင်း-တီးတိန် လမ်းကြောင်း အတိုင်း သွားရတယ်။ တခြား လမ်းတွေက ကုန်တင်ကား သွားလို့ အဆင်မပြေ သေးဘူး။ ကလေး-သိုင်းငင်း လမ်းလည်း အခုထိ ပြန်သုံးလို့ မရသေးဘူး။ တီးတိန်မြို့ကနေ စစ်သားတွေက နယ်စပ်ဘက် ထွက်ခွင့်ပြုတဲ့နေ့၊ မပြုတဲနေ့ ရှိတယ်။ ကြားထဲမှာ လမ်းတွေကလည်း ပျက် နေတော့ ခရီးက အတော် ကြန့်ကြာတယ်” လို့ အဆိုပါ ယာဉ်မောင်းမှ ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က တီးတိန်မြို့နယ် မံဆောင်းတံတားမှာ ယာဉ်သွားလာမှု နည်းတဲ့ အတွက်ကုန်တင်ကုန်ချ အလုပ်သမားများ လည်း ပုံမှန် အလုပ် မရတော့ဘူး လို့လည်း သိရပါတယ်။

“ကုန်တင်ကုန်ချ အလုပ်သမားတွေက ရပ်ကွက်လိုက် အုပ်စု ခွဲပြီး လုပ်ကြတာ။ ကုန်စည် ရောက်ရှိတာ နည်းလာတော့ အုပ်စု တစ်စု တပတ်ကို တခါပဲ အလှည့်ကျ လုပ်ခွင့် ရတော့တယ်” လို့ မံဆောင်တံတား ရှိ ကုန်တင်ကုန်ချ အလုပ်သမားများ နဲ့ နီးစပ်သူ တစ်ဦး ထံမှ သိရပါတယ်။

၆ ဘီးကား ကုန်တင်ကား တစ်စီးဟာ ကလေးမြို့ကနေ မံဆောင်း တံတား ထိ ရောက်ရှိ နိုင်ဖို့ အတွက် စစ်ကောင်စီ ဂိတ်များ နှင့် သက်ဆိုင်ရာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲများ၏ ဂိတ်များသို့ ပေးသွင်းရသည့် ဂိတ်ကြေးဟာ အနည်းဆုံး ကျပ် ၁၈ သိန်းခန့် ပုံမှန် ရှိတယ်လို့လည်း သိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *