Headlines

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အဆောက်အဦး ၁၀ လုံးခန့်ထိခိုက်ပျက်စီး

သြဂုတ်လ ၄ ရက်။

ယမန်နေ့ သြဂုတ်လ ( ၃ ) ရက်နေ့ နံနက် ( ၈:၅၀ ) ဝန်းကျင်မှာ ချင်းပြည်နယ်၊မင်းတပ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၂ )ကြိမ်တိတိပြုလုပ်သွားခဲ့ကာ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အစိုးရအဆောက်ဦး (၂)လုံးခန့်နှင့် ပြည်သူနေအိမ် ( ၈ )လုံးခန့်စုစုပေါင်းအဆောက်ဦး (၁၀ )လုံးခန့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီက..သူစစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နေရာတွေကို အငြိုးထား ဗုံးကြဲတိုက်ခိုက်နေတာလို့ပဲ မြင်ပါတယ်။ သူလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ၊ မြို့နယ်တွေကို အခဲမကျေ ဖြစ်တာပေါ့။မနေ့ကပဲ ဗုံးကြဲတိုက်ခိုက်တယ်.. ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။အများစုကတော့ သတိထားကြတာရယ်.. မြို့ပေါ်မှာ လူနေ နည်းပါးတာရယ်.. ကြောင့် ပြည်သူတွေ မထိခိုက်တာပါ။” လို့ပြောပါတယ်။

မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်နယ်မှ မြို့နယ် ၇ မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *