Headlines

ချင်းပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ် (၇) မြို့နယ်ကို အရေးပေါ်ကြေညာထားတာဟာ စစ်ကောင်စီရဲ့ အငြိုးထားတိုက်ခိုက်ချင်တဲ့ သဘောထားသာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ကပြော

ဩဂုတ်လ ၄ ရက်။

ချင်းပြည်နယ်က မြို့နယ် ၉ ခုထဲမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာထားတာဟာ ရွေးကောက်ပွဲမလုပ်နိုင်မယ့်နေရာတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အငြိုးထားတိုက်ခိုက်ချင်တဲ့ သဘောထားကို တွေ့ရတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။

ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “မြို့နယ် (၇) မြို့နယ်ကို ရက်ပေါင်း ၉၀ ကြေညာတယ်ဆိုတာက အဓိကတော့ သူရွေးကောက်ပွဲ မလုပ်နိုင်တဲ့နေရာတွေကို သူ့ရဲ့အဓိကရည်ရွယ်ချက်က ရွေးကောက်ပွဲပဲဆိုတော့ သူရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေကို ရွေးပြီးမှ ကြေညာတယ်ပေါ့နော် အဲလိုမကြေညာထားတဲ့မြို့နယ်တွေကိုတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ကြိုးစားမယ်လို့ မြင်ရတယ် အဲဒီရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေ စစ်အုပ်ချုပ်ရေးကြေညာတဲ့နေရာတွေကို အငြိုးထားတိုက်ခိုက်ချင်တယ်ဆိုတဲ့ သဘောထားတွေ့ရတယ် ပြည်သူတွေအနေနဲ့တော့ ပိုပြီးမှ သတိထားရမှာပေါ့ ေလကြောင်းသတင်းနားစွန့်ရမယ် ဒီမှာတော့ ပြည်သူတွေ တော်တော်လေး သတိတော့ရှိနေကြပါပြီ သတိထားတယ် လုံခြုံတဲ့နေရာမှာနေတယ် ကတုတ်ကျင်းတွေ ဘန်ကာကျင်းတွေထဲ အချိန်မှီဝင်ရင် အဆင်ပြေပါတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်က မြို့နယ် ၉ ခုရှိတဲ့အထဲကနေ ချင်းညီနောင်အဖွဲ့၊Chinland Council တို့ရဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆ မြို့နယ်တွေဖြစ်တဲ့ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ ဖလမ်းမြို့နယ် နဲ့ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်တို့ကို ဇူလိုင်လ ၃၁ ရက်နေ့ကစလို့ ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေကြေညာတဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့ကထုတ်ပြန်ပါတယ်။

အခုလို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားတာဟာ ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြပြီး ဆုံးရှုံးနယ်မြေတွေကို ပြန်စိုးမိုးဖို့နဲ့ ထိုးစစ်ပြန်ဆင်ချင်တာကြောင့်လို့ ချင်းအမျိုးသားတပ်ဦး ( CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ကနဦးတုန်းက ဖြေထားပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ CDF – Mindat ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ကိုလည်း အာဏာသိမ်းစစ်တပ်က မနေ့သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းကလေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ အစိုးရအဆောက်အဦး နဲ့ အရပ်သားပြည်သူနေအိမ် စုစုပေါင်း ၁၀ လုံးခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *