
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ထဲက ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (Chinland Defense Force – Matupi) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဂျက်ဖိုက်တာနဲ့ မနေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗုံးကြဲတာက မနေ့ည ၆ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲခံရတာဖြစ်တယ် ထိခိုက်ပျက်စီးမှုကတော့ ဘာမှမရှိပါဘူး အိမ်တွေနည်းနည်း ပျက်စီးတာကလွဲရင် တခြားဒဏ်ရာရတာတွေတော့ ဘာမှမရှိဘူး အသံကြားတာနဲ့ အချိန်မှီရှောင်နိုင်လို့ ဖြစ်တယ် ဆိုတော့ ထိခိုက်ဒဏ်ရာရတာတော့ ဘယ်သူမှမရှိဘူး” လို့ပြောပါတယ်။
CDF – Matupi ဟာ ချင်းပြည်ကာကွယ်ရေးတပ် – မတူပီ တပ်မဟာ (၂) ဆိုတဲ့နာမည်ကနေ မေလ ၃၁ ရက်နေ့က မှနာမည်ပြောင်းလဲထားတဲ့ မတူပီဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး Chinland Council အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့လည်းဖြစ်ပါတယ်။
စစ်ကောင်စီကင်းစင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းကမြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်လေ့ရှိနေပါတယ်။