
ဟားခါးမြို့နယ်မှ အခြားဒေသသို့ ခရီးသွားလိုသူ လူငယ်များအတွက် သတ်မှတ်ချက်များနဲ့ ခရီးထွက်သွားသူ ဟားခါးမြို့ကိုပြန်မလာပါက အာမခံပေးသူ အဖမ်းခံရမယ်လို့ ဟားခါးမြို့နယ်မှာအဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force -Hakha (CDF-Hakha) က ဇူလိုင်လ (၁၆) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လူငယ်များအနေနဲ့ ဟားခါးမြို့နယ်ပြင်ပသို့ခရီးသွားရန်အတွက် လူငယ်တိုင်းကို ထောက်ခံစာနဲ့ အာမခံချက်များအတွက် လူငယ်တိုင်းကို ရေးပေးခွင့်ရှိမည်မဟုတ်ပဲ ဆေးဝါးကုသမှုခံယူရန်အတွက်လည်းကောင်း၊ မိဘဆွေမျိုးများ၏ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်၏ ထောက်ခံချက်၊ သာရေး၊ နာရေးကိစ္စများဆိုလျှင်အဆိုပါကိစ္စ၏ အကြောင်းအရာ၊ ထို့နောက် ဟားခါးမြို့နယ်တွင်းသို့ ပြန်မလာပါက မိမိအဖမ်းခံမယ်လို့ အာမခံချက်ပေးသူရှိရမယ်လို့ CDF-Hakha က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ထို့အပြင် လူငယ်ကိုယ်တိုင်၏ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ သာရေး/နာရေးကိစ္စများအတွက်သော်လည်းကောင်းထောက်ခံချက်များအတွက် မှန်ကန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုး (သို့) သင်းအုပ်ဆရာရဲ့ စာလည်းပါရှိရမှာဖြစ်ပါတယ်။ အဆိုပါအချက်အလက်များ ပြည့်စုံမှသာ လူငယ်များကို ဟားခါးမြို့နယ်အတွင်းမှ ထွက်ခွါခွင့်ပေးမည်ဖြစ်ပြီး ပြန်မလာပါက အာမခံချက်ပေးသူရဲ့ တာဝန်သာဖြစ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဟားခါးမြို့နယ်အတွင်း ပြန်လာဖို့ သတ်မှတ်ထားတဲ့ အသက် ၁၆ နှစ် နဲ့ ၃၅ နှစ်ကြားလူငယ်များအနေနဲ့ ပြန်မရောက်လာသူများ၊ ထုတ်ပြန်ထားအတိုင်းမလိုက်နာပဲ ထွက်ခွါသူများကို ဟားခါးမြို့နယ်အတွင်း ပြန်ဝင်နိုင်ခွင့်ကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“သူတို့ရဲ့ထုတ်ပြန်ချက်ကိုကြည့်ရတာကတော့ တော်လှန်ရေးအားကောင်းဖို့ရည်ရွယ်တာလို့ ယူဆနိုင် ပါတယ်။ တော်လှန်ရေးကလည်း လူကြီးတွေက ဘာမှမတတ်နိုင်ဘူးဆိုတော့ လူငယ်ပိုင်းက အားကောင်းကောင်းနဲ့ပိုလုပ်ဖြစ်ကြတယ်။ တစ်ချို့မိဘတွေက သူတို့ရဲ့ ကလေးတွေကို တော်လှန်ရေးမှာ မပါစေချင်ဘူး။ အဲဒီတော့ နိုင်ငံခြားကို ပို့တာလည်းရှိတယ်။ အဲဒီတော့ လူငယ်အချင်းချင်းကြားမှာ အခက်အခဲပေါင်းစုံကြားက တော်လှန်ရေးမှာပါတဲ့ လူငယ်တွေအချို့ဆိုရင်လည်း သူတို့သူငယ်ချင်း တွေကို အားကျတာမျိုး၊ ကိုယ်တိုင်အားငယ်လာတာမျိုးတွေဖြစ်တတ်တယ်၊ အကယ်လို့ မြို့နယ်အတွင်းက ထွက်ခွါပြီး ပြန်မလာနိုင်တာမျိုးဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ အဲဒီတော့ အာမခံချက်ပေးတဲ့သူကို ဘယ်လိုအရေးယူမလဲ။ ထောင်ဒဏ်လား၊ ငွေဒဏ်လားပေါ့။ အကယ်လို့ အာမခံချက်ပေးတဲ့သူကို ငွေသိန်းဘယ်လောက် လျော်ရမလဲစတာမျိုးဆိုရင်လည်း သူကမလျော်နိုင်တာမျိုးဆိုရင်အဲဒီလူကို ထောင်ပဲကြာကြာ အချခံရ မလား။ ပြောရရင် နည်းနည်းတော့ ရှုပ်ထွေးမှုရှိပါတယ်” လို့ ချင်းလူငယ် အဖွဲ့အစည်း၁ခုမှာခေါင်းဆောင်အဖြစ် တာဝန်ဆောင်ရွက်ခဲ့သူတစ်ဦးကပြောပါတယ်။
CDF – Hakha က မြန်မာပြည်တွင်းနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိတဲ့လူငယ် များအနေနဲ့ ဇူလိုင်လအတွင်း ပြန်လာကြရန် ဇွန်လအတွင်းက လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
CDF – Hakha က ဟားခါးမြို့နယ်အတွင်းက ထွက်ခွါပြီး ပြည်ပရောက်သွားတဲ့ လူငယ်များအနေနဲ့လည်း ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ ထည့်ဝင်ရန် ထုတ်ပြန်နှိုးဆော်ထားပါတယ်။