

ချင်းပြည်နယ်အတွင်းက ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) , ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) တို့ အချင်းချင်းကြား မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ၊ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ အလေးနက်တိုက်တွန်းကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ (၄) ရက်နေ့ကစလို့ ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေး လက်နက်ကိုင်များ ဖြစ်တဲ့ CNO/ CNDF နှင့် Chin National Front/ CNF/CNA, CDF –Hualngoram တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဝမ်းနည်းဖွယ်ကြားသိရတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
တော်လှန်ရေးအင်အားစုများကြားမှာ ပဋိပက္ခများ၊ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ပေါ်ပေါက် လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှသာလျှင် တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည်လို့ ယုံကြည်တဲ့ကြောင်းကိုလည်း NUG ကဖော်ပြထားပါတယ်။
ဒါကြောင့် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်း ဖြင့် အဖြေရှာရန် လုပ်ဆောင်မှုများကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက ချက်ခြင်းရပ်တန့်၍ ချင်းလူထုတရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိုင်းအဖြေရှာကြရန် အထူးတိုက်တွန်းလိုတယ်လို့ NUG ကဆိုပါတယ်။
ချင်းလက်ကိုင်တော်လှန်ရေးအင်အားစုတွေအကြား အမြန်းဆုံးငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာနိုင်၍ စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီး ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက်သယ်ပိုး နိုင်ကြပါစေကြောင်း လေးနက်စွာ တိုက်တွန်းတယ်လို့လည်း NUG က ဆိုပါတယ်။
လက်ရှိ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဒေသတွင်း ချင်းလက်နက်ကိုင် (၂) ဖွဲ့ဖြစ်တဲ Chinland Council အဖွဲ့ဝင် HPO/ CDF –Hualngoram နဲ့ ချင်းညီနောင်အဖွဲ့ဝင် CNO/ CNDF အကြား ဇူလိုင်လ ၂ ရက်နေ့ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး HPO/ CDF –Hualngoram ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNO/CNDF က ဇူလိုင်လ ၅ ရက်နေ့က သိမ်းပိုက်ခဲ့သလို CNO / CNDF ဌာနချုပ်ကိုလည်း CNF/CNA က ဇူလိုင်လ ၆ ရက်နေ့က ပြန်သိမ်းခဲ့ပြီး နှစ်ဖက် စစ်ရေးတင်းမာနေကြတဲ့ အခြေအနေဖြစ်ပါတယ်။