
တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စု၊ ဒေသ ကိစ္စရေးတွေမှာ လုံးဝ ဝင်ရောက်စွက်ဖက်ပူးပေါင်းပါဝင်ဖို့ အားမပေးကြောင်းနဲ့ အချင်းချင်း ပဋိပက္ခဖြစ်စေတဲ့ မည်သည့် ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ Chinland Defense Force – Paletwa ( CDF – Paletwa) က ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်လွတ်မြောက်ရေး အမျိုးသားတည်ဆောက်ရေးလမ်းစဉ်နဲ့ အာဏာရှင်စနစ်ဟူ သမျှ တိုက်ဖျက်ရေးတို့မှာ ရည်မှန်းချက်တူ တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ ဆက်လက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ချင်းပြည်တွင်း ဖြစ်ပွားနေတဲ့ လူမျိုးချင်းတူ ညီအစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စဟာ ချင်းလူမျိုးတွေရဲ့ သွေးစည်းညီညွှတ်ရေး လမ်းစဉ်ကို လွန်စွာထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ ဖလမ်းမြို့နယ်မှာ ဒေသတွင်း ချင်းလက်နက်ကိုင် (၂) ဖွဲ့ဖြစ်တဲ့ Chinland Council အဖွဲ့ဝင် HPO/ CDF – Hualngoram နဲ့ ချင်းညီနောင် အဖွဲ့ဝင် CNO / CNDF တပ်ဖွဲ့တွေအကြား ဇူလိုင်လ ၂ ရက်နေ့ကစလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး HPO/ CDF – Hualngoram ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNO/ CNDF က ဇူလိုင်လ ၅ ရက်နေ့လောက်က သိမ်းပိုက်ခဲ့သလို CNO/ CNDF ဌာနချုပ်ကိုလည်း ချင်းအမျိုးသားတပ်ဦး (CNF ၊ CNA) က ဇူလိုင်လ ၆ ရက်နေ့က ပြန်သိမ်းခဲ့ပြီး စစ်ရေးတင်းမာနေကြတဲ့ အခြေအနေဖြစ်နေကြပါတယ်။
Chinland Defense Force – Paletwa အနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် ပျက်သုန်းရေး၊ မြန်မာပြည်တွင်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးကို အကောင်အထည်ဖော်ဖို့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းနွေဦးတော်လှန်ရေး ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Chinland Defense Force – Paletwa ဟာ ပလက်ဝမြို့နယ်မှာ အခြေစိုက်တဲ့ Chinland Council အဖွဲ့ဝင် ချင်းလက်နက်ကိုင် တပ်ဖွဲ့ တစ်ခုလည်းဖြစ်ပါတယ်။
