
ဇူလိုင်လ ၄ ရက်။
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ Cheras Ria Apartment မှာ ပတ်ဝန်းကျင်ရဲ့ တိုင်ကြားတာခံရလို့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်/၃ ရက်နေ့က နှစ်ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
မလေးရှားနိုင်ငံက ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “Cheras Ria Apartment မှာ ၂ ညဆက်တိုက်ဖမ်းတယ် ပထမညဖမ်းတဲ့ချိန် ထွက်ပြေးတဲ့သူရှိတာသိလို့ နောက်တနေ့ ပြန်ဖမ်းတာလို့ သိရပါတယ် အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်လောက်တော့ အဖမ်းခံရတယ်လို့ သိရတယ် အဓိက ပတ်ဝန်းကျင် တိုင်ကြားမှုနဲ့ ဖမ်းတာများတယ်၊ ဖမ်းတာက နေ့တိုင်းတောက်လျှောက်ပဲ ဖမ်းနေတာ ဒီကာလ အဖမ်းအဆီး အကြမ်းဆုံးပဲ” လို့ ပြောပါတယ်။
ရွှေ့ပြောင်းမြန်မာတွေ အနေများတဲ့ ကွာလာလမ်ပူမြို့၊ Cheras Ria Apartment မှာ ဆူပူမှုကြောင့် ပတ်ဝန်းကျင်က တိုင်ကြားခဲ့ပြီး ရဲနဲ့ လဝက တွေက ဇူလိုင်လ ၂ ရက်နေ့ညက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်ထားမဲ့ မြန်မာ ၄၀ ကျော်ဖမ်းဆီးခဲ့ပြီး အဲဒီနေရာကိုဘဲ ဇူလိုင်လ ၃ ရက်နေ့ညမှာ ထပ်ပြန်ဖမ်းခဲ့ကာ အထောက်ထားမဲ့ မြန်မာ ၁၀၀ ကျော် ထပ်မံဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။
ကုလ ခိုလှုံခွင့် ( UN) ဒုက္ခသည်ကဒ် ကိုင်ဆောင်သူတွေသာ အဖမ်းမခံရတာဖြစ်ပြီးကျန်တဲ့သူတွေတော့ အဖမ်းခံရတယ်လို့လည်း သိရပါတယ်။
မလေးရှားအစိုးရအနေနဲ့ အထောက်ထားမဲ့နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ထောင်မချတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တာတွေကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကစလို့ စတင်ကျင့်သုံးတော့မယ်လို့လည်း မလေးရှားအာဏာပိုင်တွေက ကြေညာထားပါတယ်။