Headlines

တီးတိန်-ရိဒ် လမ်းကိုစစ်ကောင်စီတပ်မှဖျက်ဆီးလိုက်ခြင်းကြောင်း ကုန်ကားများစွာ သောင်တင်

ဇွန်လ ၂၆ ရက်။

ဒီကနေ့ ဇွန်လ ၂၆ နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်မှ တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးကို တီးတိန်မြို့ အထွက် ကနေ လမ်းမကြီး ကို JCB ဖြင့် ကန့်လန့်ဖြတ် မြောင်းတူး ဖျက်ဆီး လိုက်တာကြောင့် အိန္ဒိယ နယ်စပ်ဘက် သွားရောက်မည့် မော်တော်ယာဉ် အမြောက်အမြား မြို့တွင်းမှာ သောင်တင် နေကြကြောင်း တီးတိန်မြို့ခံများ ထံမှ သိရှိရပါတယ်။

“ဘာကြောင့် စစ်တပ်က အခုလို လုပ်တာလဲ ဆိုတာ ကျုပ်တို့ မြို့ခံတွေ မသိရပါဘူး။ အခုတော့ နယ်စပ် သွားမယ့် ကားတွေ လမ်းဘေးမှာ တန်းစီပြီး ထိုးရပ် နေကြတယ်။ မြို့အထွက်ကနေ တွင်းတူး ဖျက်ဆီးတာ ဆိုတော့ မံဆောင်းတံတားဘက်ရော၊ ကပ်တဲလ် တံတား ဘက်ပါ သွားလို့ မရတော့ဘူး။ တံတား နှစ်ခုက လမ်ဇန်ရွာ နားက‌နေ လမ်းခွဲတာလေ” လို့ တီးတိန်မြို့ ဒေသခံ တစ်ဦး က ပြောပြပါတယ်။

တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF Zoland အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “တီးတိန်မြို့ ကနေ ရိဒ်လမ်းအထွက် ဆီဆိုင်မရောက်ခင်နားက ကားလမ်းကို ဖျက်ဆီးထားတာဖြစ်ပါတယ် ဘာကြောင့် အခုလို လုပ်တာလည်းတာဆိုတော့ အတိကျမသိဘူး” လို့ပြောပါတယ်။

တီးတိန်-ရိဒ်လမ်းဟာ မိုးရာသီမှာ ကောင်းကောင်း သွားလို့ ရတဲ့ တစ်ခုတည်းသော လမ်း ဖြစ်တာ ကြောင့် နယ်စပ်နဲ့ ကုန်သွယ်တဲ့ နေရာမှာ အတော်လေး ဒုက္ခ ရောက်နိုင်တယ် လို့လည်း ဒေသခံတွေက သုံးသပ် ကြပါတယ်။

“ကလေး-တီးတိန်လမ်း က မွာလ်ပီးရွာ တဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာရာ၊ နှစ်ဖက် လုံး က ပိတ်တာရယ် ကြောင့် သုံးလို့ မရဘူး။ အခုက တိုက်ပွဲ ဖြစ်နေတဲ့ နေရာကို ကွင်း ဖို့ ဘာမှ မခင်းရသေးတဲ့ မြေသားလမ်းတွေ အသုံးပြုပြီး တီးတိန်ကို အရောက်သွား ကြတာ။ ကလေး ကနေ တီးတိန် ရောက်ဖို့ အနည်းဆုံး နှစ်ည သုံးည အိပ်ကြတယ်။ တီးတိန်မြို့က ဘယ်နေရာနဲ့မှ ကုန်သွယ် လို့ မရတဲ့ မြို့ကြီး တခု ဖြစ်တော့ မှာပဲ” လို့ ယင်း တီးတိန် ဒေသခံ မှ ဆက်လက် သုံးသပ်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာလည်း တီးတိန်-ရိဒ် လမ်းမကြီး ပေါ်ရှိ မံဆောင်း မဏိပူရ မြစ်ကူး ကြိုးတံတားကို စစ်ကောင်စီ စစ်တပ်မှ မိုင်းခွဲ ဖျက်ဆီးခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *