
မေလ ၁၅ ရက်။
ဟားခါး-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် လမ်းမှာရက်ကြန့်ကြာမှုများ ရှိသော်လည်း ယခုကာလ အတွင်း ပုံမှန် ပြေးဆွဲကြောင်း၊ယာဉ်လိုင်း တစ်ခုရဲ့ တာဝန်ရှိသူမှ Chin World Media ကို ပြောပါတယ်။
“ဒီနှစ် အတွင်းမှာတော့ ကျွန်မတို့ ဟားခါး-မန်း ကားဂိတ် အနေနဲ့ ခရီးသည်တင် မှန်လုံကားကြီးတွေကို တစ်ပတ် ၃ ကြိမ် အနည်းဆုံး ပြေးဆွဲ ပေးခဲ့ ပါတယ်။ ပုံမှန် အားဖြင့် လမ်းမှာ သုံးလေးရက် ကြာတတ်ပါတယ်။ အခုက ခရီးသည်တင် ကားသေး၊ အံစာတုံးကားတွေပါ ပြေးဆွဲမှာ ဆိုတော့ မှန်လုံကားကြီး ပြေးဆွဲမှု အကြိမ်ရေ လျော့ကျ နိုင်တယ်။ ကားသေး တွေနဲ့ ဆိုရင် ပိုမြန်လာ မှာ ဖြစ်တယ်။ မှန်လုံကားကြီး တွေကို တော့ ကားခ ကျပ် ၁သိန်း ၇သောင်း ကျ ပါတယ်။ အံစာတုံးကား နဲ့ ဆိုရင် ၂ သိန်း ကျပါတယ်” လို့ ဟားခါး-ရန်ကုန် ပြေးဆွဲတဲ့ဟားခါး-မန်း ကားဂိတ်မှ တာဝန် ရှိသူ တစ်ဦး က ပြောပါတယ်။
ပုံမှန်အားဖြင့် ဟားခါး-ဂန့်ဂေါ-မန္တလေး-ရန်ကုန် လမ်းကို အသုံးပြုရ ပေမယ့် လုံခြုံရေး အခြေအနေ ရ ဂန့်ဂေါ ကို ကွင်းပြီး သွားခဲ့ရတဲ့ အချိန်တွေ ရှိကြောင်း၊ လက်ရှိမှာ ဟားခါး ကနေ မန္တလေး နှင့် ရန်ကုန်ကို ပုံမှန် ပြေးဆွဲ နိုင်ပေမယ့် ဆက်လက် ပုံမှန် ပြေးဆွဲ နိုင်ရေး ဟာ ဒေသ လုံခြုံရေး နှင့် ရာသီဥတု အခြေအနေ အပြောင်းအလဲ ပေါ် မူတည်ကြောင်း ဟားခါးလိုင်းကို မောင်းနှင်သည့် ယာဉ်လုပ်သား တစ်ဦး ၏ ပြောကြားချက် အရ သိရှိရပါတယ်။
ကလေး-ဟားခါး လမ်း အခြေအနေ ပတ်သက်ပြီး ခရီးသွား ပြည်သူ တစ်ယောက် က “ကလေး-ဟားခါး ကားခက ကျ သွားတာ လို့ ပြောကြတယ်။ ကျပ် ၁သိန်းခွဲ ကျ ပါတယ်။ လမ်းမှာ အရင်လို ည မအိပ် ရတော့ ပါဘူး။ တနေကုန် သွားရတယ်။ တစ်ရက် ခရီးနဲ့ ရောက်ပါပြီ။ ဖလမ်းမြို့တွင်းတော့ ဖြတ်ခွင့် မပေးသေးဘူး။ ကလေးဘက် ကနေ အတက် ဖလမ်း မရောက်ခင် လိုင်လွန်းရွာ လမ်းခွဲကနေ မြို့ကို ကွင်းရတယ်။ ရွာ သုံးရွာ လောက် ဖြတ်ပြီး ရိဒ်-ဖလမ်း လမ်း က တဆင့် ဖလမ်း-ဟားခါးလမ်းမကြီးပေါ် တက်ခဲ့ရတယ်။ ရွှေလွင်ပြင် နှင့် တောင်တန်းမြေ ဂိတ်တွေ အထွက်များတာ တွေ့ရပါတယ်။ ဗာလုံရွာ၊ လုံဘန်းရွာ၊ ဗားရ် တံတား နှင့် လိုင်ဗားရွာ တို့မှာ ရှိတဲ့ ထမင်းဆိုင်တွေလည်း ပြန်ဖွင့် နေပါပြီ။ လမ်းမှာတော့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ဂိတ်တွေ အတော်များတယ်” လို့ Chin World Media ကို ပြောပါတယ်။
“ကလေး-တီးတိန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ ကတော့ ကားခ တစ်ယောက် ၅ သောင်းခွဲ ကောက်နေ ပါတယ်။ အတက်၊ အဆင်း အတူတူ ပါပဲ။ လမ်းမှာ ပေးရတဲ့ ဂိတ်ကြေးတွေ ကတော့ လျော့တယ် မရှိသေးဘူး” လို့ လက်ရှိမှာ ကလေး-တီးတိန် လိုင်းဆွဲ နေတဲ့ ယာဉ် လုပ်သား တစ်ဦး က ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့နဲ့ – အိန္ဒိယနယ်စပ် ဖလမ်းမြို့နယ်၊ ရိဒ်မြို့ ကတော့ ကားခ ကျပ် ၁သိန်းခွဲ ရှိတယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာ မသိမ်းခင် ကာလတွင် ကလေး-ရန်ကုန် ခရီးကို ကားခ ၃ သောင်းခွဲ နဲ့ တစ်ည အိပ် ဖြင့် ပြေးဆွဲခဲ့ကြောင်း၊ ကလေး-ဟားခါးကို လည်း ကားခ ကျပ် ၁ သောင်းခွဲ နှင့် နှစ်သောင်းကြား သာ ရှိခဲ့ကြောင်း ခရီးသွား ပြည်သူများ ထံမှသိရှိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် မူ ကလေး ကနေ ဟားခါးသွားဖို့ ရိဒ်ခေါဒါရ် မြို့ကို ပတ်ပြီး ကလေး-ရိဒ်- ရိဒ်လမ်းခွဲ (ဖလမ်း)-ဟားခါး လမ်းကြောင်းဖြင့် တစ်ည အိပ် သွားခဲ့ရကာ ခရီးသည် တစ်ဦး လျှင် ကားခ ကျပ် သုံးသိန်း ပေးခဲ့ရ ပြီး ကလေး-ဟားခါး ကားခ စံချိန်တင် ဈေးတက်ခဲ့ ပါတယ်။

