
မေလ ၁၂ ရက်မှာ ကလေးမြို့နယ် နန်းဟံနွဲ့ရွာသား Tg Neng Khen Thang ဟာ khuakhung ချောင်းဖျားဘက်ရှိ တောထဲသို့ သစ်ဝါးခုတ် သွားရာမှ မိုင်းနင်းမိကာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ခြေထောက် ဖြတ်ရကာ ကလေးမြို့ ဆေးရုံမှာ ခွဲစိတ် ကုသ ခံနေရတယ် လို့ ဒေသခံ ရွာသား တစ်ဦး ထံမှ သိရှိ ခဲ့ရ ပါတယ်။
“သူက တစ်ကိုယ် သမား၊ လူပျိုကြီး ဖြစ်တယ်။ လက်လုပ်လက်စား တစ်ယောက်ပါ။ တောထဲ သစ်ဝါးခုတ်၊ ငါးမျှား မျှစ်ချိုး ပြီး ရောင်းချ အသက်မွေးဝမ်းကြောင်း ပြုသူ တစ်ဦးပါ။ လူနာစောင့် လိုက်ပေးမယ့် ဆွေမျိုး အရင်း တောင် မရှိ ပါဘူး။ အောက်စီဂျင် ဘူး နဲ့ ဆေးရုံပေါ်မှာ အသက်ရှူ နေရ ပါတယ်။ အရေးပေါ် သွေး ၄ ပုလင်း လိုအပ် တာမို့ ကလေးမြို့မှာ ရှိတဲ့ အသင်းတော်တွေ၊ အသင်းအဖွဲ့ တွေဆီ အကူအညီ တောင်းခံ ခဲ့ရပါတယ်။ သူ့ရဲ့ ဆေးဖိုးဝါးခ အတွက် အလှူလည်း ခံပေး ထားပါတယ်” လို့ မိုင်းနင်းမိသူရဲ့ သင်းအုပ်ဆရာ က ပြောပါတယ်။
မိုင်းထိခဲ့သူ ဟာ နန်းဟံနွဲ့ရွာနားတွင် စခန်းချတဲ့ စကစ စစ်သား များ အနေဖြင့် ဗုဒ္ဓဟူး နေ့ နှင့် စနေနေ့သာ တောထဲသို့ သွားခွင့်ပြုထားခြင်း ဖြစ်သော်လည်း မေလ ၁၂ ရက် တနင်္လာနေ့မှာ သွားမိခဲ့တာကြောင့် စစ်တပ်များနဲ့ အတူ ကယ်ဆယ်ရေး လုပ်ရာတွင် နှောင့်နှေးမှုများ ကြုံတွေ့ ရပြီး သွေးထွက် လွန်တဲ့ အခြေအနေ ထိ ရောက်ခဲ့ရ ကြောင်း၊ သွေး လေး ပုလင်း သွင်းခဲ့ရကြောင်း၊ ဆွေမျိုး အရင်းအခြာ မရှိတဲ့ အတွက် မိုင်းထိလို့ အမျိုးသားသေဆုံး ခဲ့ရတဲ့ နန်းဟံနွဲ့ ရွာသူ မုဆိုးမ တစ်ဦး က လူနာစောင့် လုပ်ပေး နေကြောင်း အဆိုပါ သင်းအုပ်ဆရာ ထံမှ ဆက်လက် သိရှိရပါတယ်။
မိုင်းပေါက်ကွဲ မှုကြောင့် အသက် ၅၀ အရွယ် Tg Neng Khen Thang ဟာ ယာဘက် ခြေထောက် ဖြတ်တောက် ခဲ့ရပြီး ခြေတဖက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိတဲ့ အတွက် စတီးလ် အစားထိုး ဖို့လိုအပ် တာကြောင့် ကလေးမြို့ ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူ နေတယ် လို့ သိရပါတယ်။