Headlines

ချင်းပြည်နယ်နဲ့ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး ကလေးမြို့မှာ MPT ဖုန်းလိုင်းတစ်ခုသာအနည်းငယ်သုံးရလို့ MPT ဆင်းကဒ်တစ်ခုကို ၄ သောင်းခွဲထိ ဈေးပေါက်နေတယ်လို့သိရ

မေလ ၃ ရက်။

ဟားခါး၊တီးတိန်မြို့များအပါအဝင် ချင်းပြည်နယ်နဲ့ ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး MPT ဖုန်းလိုင်းတစ်ခုသာ အနည်းငယ်သုံးလို့ရတာကြောင့် MPT ဆင်းကဒ်တစ်ခုကို ၄၅၀၀၀ ထိဈေးနှုန်းဖြင့် ဝယ်ယူနေကြပြီး လက်ရှိဆင်းကဒ်တွေ ဝယ်ယူစရာမရှိအောင် ပစ္စည်းပြတ်လပ်နေတယ်လို့လည်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ကလေးမြို့မှာ ဝredoo , Atom , Mytel ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပျက်နေတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်လောက်ရှိပြီ MPT တစ်ခုဘဲ ဝိုင်ဖိုင်နဲ့ ဒေတာ နည်းနည်းပါးပါးသုံးလို့ရတယ် ဖုန်းလိုင်းလည်း ရတချက်မရတချက်ပေါ့ အခု MPT ဆင်းကဒ် တစ်ခုကို ၄ သောင်းကနေ ၄သောင်းခွဲအထိ ရောင်းနေကြတယ် အဲဒါတောင်ဝယ်ဖို့ မရှိတော့လောက်အောင် ပစ္စည်းပျက်နေတယ်လို့ သိရတယ် နောက်ပြီး MPT ငွေဖြည့်ကဒ်တောင် ပြတ်သွားပြီလို့သိရတယ် ဘာကြောင့်အခုလိုလိုင်းတွေ ပြန်ပြတ်တာလည်းဆိုတာတော့ မသိဘူး” လို့ပြောပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့တုန်းကလည်း ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ရက်အတော်ကြာ ပြတ်တောက်ခဲ့ပါတယ်၊ကလေးမြို့မှာ မကြာခဏ အခုလိုဘဲ ဆက်သွယ်ရေးလိုင်းတွေကို ပြတ်တောက်နေလျက်ရှိနေပါတယ်။

ချင်းပြည်နယ်မှာလည်း ဟားခါးမြို့အပါအဝင် တခြားနေရာအားလုံးမှာ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့သိရပြီး ချင်းပြည်နယ်မြို့တော် ဟားခါးမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ကစပြီး အခုအချိန်အထိ ဖုန်းလိုင်းပေါ်လိုက်၊ပျောက်လိုက်နဲ့ ဖြစ်နေတယ်လို့သိရပြီး ဟားခါးမြို့ဒေသခံတွေဟာ ဝိုင်ဖိုင်၊ စတားလင့်စက်တွေနဲ့ အင်တာနက်လိုင်းသုံးနေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *