
CDF – Matupi တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာ ဧပြီလ ၅ ရက်နေ့က တပ််မဟာ(၁)ရဲ့ဖမ်းဆီးချုပ်နှောင်တာခံရတဲ့ CDF – Matupiတပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း (၃)က ရဲဘော် ၂ ဦးဟာ ဧပြီလ ၂၃ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ တပ်မဟာ(၂)ဆီကသိရပါတယ်။
CDF – Matupi တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေဆင်းကျေးရွာမှာ ခွင့်ယူပြီး အိမ်ပြန်နေတဲ့ CDF – Matupi တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃) က ရဲဘော် ဖိုးသားနဲ့လိုင်ကုန်းတို့ကို CDF – Matupi တပ်မဟာ (၁) နဲ့ အာရက္ခတပ်တော် (AA )တို့က ဖမ်းဆီးချုပ်နှောင်ခဲ့တာလို့ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူက Chin World Media ကိုပြောပါတယ်။
“ဧပြီလ ၃ ရက်နေ့ကစလို့ လေဆင်းကနေ ဘွေလီတံတားအထိတောင် AA ဗိုလ်ကြီးတစ်ဦးကိုတောင် ဆိုင်ကယ်နဲ့လိုက်ပို့သေးတယ်တဲ့ ဧပြီလ ၅ ရက်နေ့ကျတော့ သူငယ်ချင်းတစ်ယောက် တပ်ရင်းမှာ သွားကြိုပြီး အပြန် လေဆင်းမှာ AA တွေက ခဏလေးပစ္စည်းပါးစရာရှိတယ် စောင့်ပေးပါအုံးဆိုပြီး မနက်ကနေ ညနေ ၅ နာရီထိ စောင့်ခိုင်းပြီး မြို့ပေါ်ကို Icon ပေါက်ပြီးတော့ တခါတည်းဖမ်းတော့တာ၊ လေဆင်းမှာ တစ်ညလောက် သူတို့ ၂ ယောက်ကို လက်ထိပ်ခတ်ပြီးတော့ ညဏ်လင်းဖြိုးတို့ အဖွဲ့လာပြီး မတူပီမြို့ပေါ်ခေါ်သွားတာလို့ မြေပြင်သတင်းရတယ် ၂၂ ရက်နေ့ညမှာ ထွက်ပြေးလာကြတယ် ၂၃ ရက်နေ့မှာ ကျနော်တို့ဆီပြန်ရောက်လာတယ်” လို့ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ CDF – Matupi တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃) က ရဲဘော် ၂ ဦးကို မတူပီမြို့မရဲစခန်းမှာထားကာ တပ်မဟာ (၁) ဖက်ဝင်ရောက်လျှင် လစာရပြီး မိဘတွေကိုလည်း မတူပီမြို့ပေါ် လွတ်လပ်စွာ ဖြတ်သန်းသွားလာလှုပ်ရှားခွင့်ပေးမယ်လို့ စည်းရုံးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒီကိစ္စတွေနဲ့ပက်သက်ပြီး CDF – Matupi တပ်မဟာ (၁) ဘက်က တာဝန်ရှိသူတွေကို Chin World Media အနေနဲ့ ဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
မတူပီမြို့နယ်မှာ မတူပီမြို့ပေါ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့CDF-Matupi တပ်မဟာ(၁) က ချင်းညီနောင်အဖွဲ့(CB)ဝင်ဖြစ်ပြီး CDF-Matupi တပ်မဟာ(၂)က Chinland Council အဖွဲ့ဝင်ဖြစ်ပါတယ်။
CDF – Matupi တပ်မဟာ (၁) နဲ့ တပ်မဟာ ၂ အကြား ပြန်လည်ပေါင်းစည်းရေး အတွက် ပထမအကြိမ် ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်ဆွေးနွေးဖို့ ကျန်နေတဲ့အချိန် မှာ အခုလိုဖြစ်စဉ်ဖြစ်ပွါးခဲ့တာလို့လည်း CD – Matupi တပ်မဟာ ၂ ဘက်ကပြောပါတယ်။
