Headlines

တီးတိန်စစ်ဆင်ရေးအပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်လည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်မယ်လို့ CDF – Mindat စစ်ဦးစီးချုပ်ပြော

ဧပြီလ ၂၅ ရက်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး အပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်ကိုလည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ ချင်းညီနောင်အဖွဲ့ဝင်တွေကို ဆက်ပြီး အားပေးဝိုင်းရံထောက်ခံပေးကြဖို့ ဧပြီလ ၂၄ ရက်နေ့မှာကျရောက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချင်းညီနောင်အဖွဲ့ဝင် ၊CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။

CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက “လက်ရှိအောင်မြင်နေတဲ့ ကျနော်တို့ ချင်းညီနောင်စစ်ဆင်ရေးကိုလည်း ဆက်လက်ပြီးဝိုင်းရံပံ့ပိုးပေးကြပါ ကျနော်တို့ချင်းညီနောင်ဟာ ဆက်ပြီးတော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး ထိုနည်းတူဘဲ ကျနော်တို့ ချင်းပြည်နယ်အတွင်းမှာရှိနေသေးတဲ့ ဟားခါး၊ ထန်တလန် စတဲ့မြို့တွေလွတ်မြောက်ရေးအတွက်ကိုလည်း ကျနော်တို့ စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် အဲဒါကြောင့်ဆက်ပြီးတော့ ချင်းညီနောင်စစ်ဆင်ရေး၊ ချင်းညီနောင်အဖွဲ့ဝင်တွေကိုလည်း ဆက်ပြီးတော့ အားပေးဝိုင်းရံထောက်ခံပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ပြောပါတယ်။

နောက်လာမယ့် ၅ နှစ်ပြည့်မှာ ချင်းပြည်နယ်တပြည်နယ်လုံး လွတ်မြေက်ရမှာဖြစ်သလို ကျနော်တို့ဒေသတွေနဲ့ ချိတ်ဆက်နေတဲ့ ဒေသအသီးသီးမှာလည်း စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး အားလုံးလိုချင်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ ပန်းတိုင်ဖြစ်ဖို့ လာမယ့်တစ်နှစ်အတွင်းမှာလည်း ကြိုးစားပြီး တော်လှန်ရေးကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Minda ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိမှာလည်း မင်းတပ်မြို့မှာ အရပ်သားအုပ်ချုပ်ရေးကိုမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ချင်းပြည်နယ်မှာ ဟားခါးမြို့၊ တီးတိန်မြို့နဲ့ ထန်တလန်မြို့တွေမှာသာ စစ်ကောင်စီက ထိန်းချုပ်နိုင်ပြီး ကျန်တဲ့ ဖလမ်းမြို့၊ ရိခေါဒါရ်မြို့၊ ဆူရ်ခွာမြို့၊ တွန်းဇံမြို့၊ ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ လိုင်လင်းပီမြို့၊ ရေဇွာမြို့၊မကွီအိမ်နူးမြို့၊ ကျင်ဒွေးမြို့နဲ့ နာရ်ဟရိန်မြို့ တို့ကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော် (AA) ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *