

သွေး (စစ်ကိုင်း)
တစ်ကမ္ဘာလုံးက လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ခေါ် ကိုဗစ်ပိုးဟာ အခုဆိုရင် မျိုးဗီဇ ၃ မျိုး အထိ ပြောင်းလာပါပြီ။ အဲဒီ အမျိုးအစားတွေက UK နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Alpha ပိုး၊ အိန္ဒိယနိုင်ငံမှာ ကူးစက်နေတဲ့ Delta နဲ့ Keppa မျိုးဗီဇပိုးတွေ ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုး တွေ့ရှိသူ ၁၁ ဦး ရှိတယ် လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Alpha ပိုး ကူးစက်ခံရသူ ၂ ဦး၊ Delta ပိုး ကူးစက်ခံရသူ ၅ ဦး နဲ့ Keppa ပိုး ကူးစက်ခံရသူ ၄ ဦး တွေ့ရှိထားတာ ဖြစ်ပြီး၊ ဇွန်လ ၁၄ ကနေ ဇွန်လ ၁၅ ရက်နေ့အထိ ၃,၁၉၉ ခုကို စစ်ဆေးရာမှာ ပိုးတွေ့လူနာအသစ် ၂၂၅ ဦး တွေ့ရှိထားတယ် လို့လည်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကလည်း Alpha နဲ့ Delta တို့ဟာ ရောဂါပိုး ကူးစက်နိုင်မှုနဲ့ ထပ်မံကူးစက်ပျံ့နှံ့မှု ပိုမို မြင့်မားကြောင်း၊ ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေလည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ် ထားပါတယ်။
ကိုဗစ်ကာကွယ်ဆေး ဖန်တီးပေါ်ပေါက်နေပြီ ဆိုပေမဲ့ အမေရိကန်လို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် လူတိုင်း ထိုးနှံနိုင်မှု မရှိသေးတဲ့ အပြင် လက်ရှိကာကွယ်ဆေးက မျိုးဗီဇပြောင်းပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာလည်း စိုးရိမ်လာရတဲ့ အနေအထားပါ။
ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက စ,တင်လုပ်ဆောင်လာတာ ဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ် Covishield ကာကွယ်ဆေးကို ထိုးနှံပေးနေတာပါ။ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုကတော့ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးတဲ့ မန္တလေးတိုင်းဒေသကြီး, မန္တလေးမြို့က အမျိုးသား တစ်ယောက်မှာ ကိုဗစ်ပိုး ထပ်မံကူးစက်မှု တွေ့ရှိရတာပါ။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံပြီးပြီ ဆိုပေမဲ့ ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်တွေကို ဆက်လက် လိုက်နာရမယ် ဆိုတာ သတိပေးလိုက်တာပါပဲ။ တစ်ဖက်ကလည်း ကိုဗစ် တတိယလှိုင်း မြန်မာနိုင်ငံမှာ စ,တင်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
အာရှနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း ကိုဗစ်အတည်ပြု လူနာတွေ များပြားလာသလို အာဖရိကတိုက်က နိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေ များပြားလာနေတာပါ။ ဇွန် ၁၂ ရက်နေ့ အထိ အာဖရိကတိုက် တဝှမ်းမှာ ကိုဗစ်ကူးစက်လူနာ ၅ သန်းဝန်းကျင် အထိ ရှိတယ် လို့ သိရပါတယ်။ အာဖရိကတိုက်မှာ ကူးစက်မှု အများဆုံး နိုင်ငံတွေကတော့ အီဂျစ်၊ တောင်အာဖရိက၊ တူနီးရှား၊ ယူဂန်ဒါနဲ့ ဇမ်ဘီယာ စတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အာဖရိကတိုက်က ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် ကိုဗစ်ကာကွယ်ဆေး တန်းတူးရရှိပါ့မလား ဆိုတာလည်း မေးခွန်းထုတ်စရာ တစ်ခု ဖြစ်နေပါသေးတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က အာဖရိကတိုက်ရဲ့ တချို့နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံမှုဟာ ၂ ဒသမ ၈၇ ရာခိုင်နှုန်း သာ ရှိနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို ချမ်းသာတဲ့ နိုင်ငံအများစုက ရယူထားတာကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေဆီလည်း ကာကွယ်ဆေး မျှဝေပေးသင့်တယ် လို့လည်း တိုက်တွန်းထားပါတယ်။
ကိုဗစ်ပိုး ကူးစက်မှု များပြားလာနေတဲ့ ကျမတို့ မြန်မာနိုင်ငံမှာလည်း ချင်းပြည်နယ်ထဲက မြို့နယ်အများအပြား ပါဝင်နေတာ တွေ့ရပြီး တီးတိန်၊ ဖလမ်း၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တွေကို Stay at Home (နေအိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနက ဇွန် ၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ ချင်းပြည်နယ်ဟာ ဆင်းရဲတဲ့ ပြည်နယ်တစ်ခု ဖြစ်တဲ့ အတွက် ကိုဗစ်ကူးစက်မှုက ကျန်းမာရေးဆိုင်ရာမှာ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာမှာ စိတ်ပူစရာပါ။
ချင်းပြည်နယ် အတွင်း ကိုဗစ်ကူးစက်ခံရမှုကို လေ့လာကြည့်ရင် – ဖလမ်းမြို့မှာ ဇွန် ၁၃ ရက်နေ့က ကိုဗစ်လူနာ ၁ ဦး ထပ်မံကွယ်လွန်ခဲ့တဲ့ အတွက် ကိုဗစ်နဲ့ ကွယ်လွန်သူ ၃ ဦး ရှိသွားပြီး ကိုဗစ်ပိုး ကူးစက်ခံရသူ ၉၀ ဝန်းကျင်ထိ ရှိလာနေ ပါတယ်။ ဇွန် ၁၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ် အတည်ပြုလူနာ ၁၁ ယောက် ထပ်မံတွေ့ရှိရပါတယ်။
ချင်းပြည်နယ် အတွင်း ဇွန် ၁၂ ရက်နေ့ အထိ ကိုဗစ်ပိုး ကူးစက်မှုကို ကြည့်ရင် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ မြို့နယ်တွေမှာ ကိုဗစ်အတည်ပြု လူနာ များပြားလာတာတွေ့ရပြီး တွန်းဇံမြိုနယ်မှာ ကူးစက်မှု အများဆုံး ဆိုတာ တွေ့ရပါတယ်။ တွန်းဇံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၃၄၀ ကျော်ထိ ရှိတယ် လို့လည်း သိရပါတယ်။ ပလက်ဝမြို့နယ်မှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာနေတဲ့ အတွက် မြို့နယ်ထဲက အခြေခံပညာကျောင်းတွေကို ဇွန် ၉ ရက်နေ့က စ,ပြီး ယာယီပိတ်ထားပါတယ်။ ဒါအပြင် Stay at Home (နေအိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးက တမူး၊ ကလေးမြို့နယ်တွေနဲ့ ချင်းပြည်နယ်က တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့နယ်တွေရှိ စားသင်ကျောင်းတွေကိုလည်း ဇွန် ၇ ရက်နေ့က စ,ပြီး ယာယီပိတ်းထားပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်အတည်ပြုလူနာ ပြန်လည်မြင့်တက်လာနေပြီး ဇွန် ၈ ရက်နေ့မှာ ၁၂၃ ယောက်၊ ဇွန် ၉ ရက်နေ့မှာ ၁၃၆ ယောက်၊ ဇွန် ၁၀ ရက်နေ့မှာ ၁၆၁ ယောက်၊ ဇွန် ၁၁ ရက်နေ့မှာ ၁၈၈ ယောက်၊ ဇွန် ၁၂ ရက်နေ့မှာ ၁၆၆ ယောက်၊ ဇွန် ၁၃ ရက်နေ့မှာ ၃၇၃ ယောက်၊ ဇွန် ၁၄ ရက်နေ့မှာ ၂၂၃ ယောက်ထိ ရှိတာ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာဆိုရင် ကိုဗစ်ကူးစက်ခံရမှုနဲ့ သေဆုံးမှုတွေ တိုးလာနေပါတယ်။ ဇွန် ၁၀ ရက်နေ့ ၁ ရက်တည်းမှာပဲ ကိုဗစ်ကြောင့် သေဆုံးရသူ ၁၀ ယောက်အထိ ရှိခဲ့ကြောင်းနဲ့ ဇွန် ၁၄ ရက်နေ့အထိ သေဆုံးရသူ ၃၀ ထိ ရှိလာတဲ့ အတွက် အထူးသတိပြုရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ နယ်စပ်ဖြတ် ကူးလူးဆက်ဆံ သွားလာမှုတွေ က,နေ ရောဂါပိုးကူးစက်ဖို့ အခြေအနေ ပိုများတာလို့ ဆိုရမှာပါ။ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှာ ဆိုရင် ကိုဗစ်အတည်ပြုလူနာ ၁၀၀ ဝန်းကျင်ထိ တွေ့ရှိရပြီး ကိုဗစ်ကြောင့် ၁ ယောက်သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် လက်ပံတန်းမြို့နယ်ထဲက စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားရတယ် လို့ သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး မှာလည်း ကိုဗစ်ပိုးကူးစက်လူနာတွေ့ရှိမှု များပြားလာတဲ့ အတွက် ကွာရန်တင်းစင်တာတွေ တိုးချဲ့ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန, ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် ၂၂ မြို့နယ်မှာ ကွာရန်တင်းစင်တာတွေ ထားရှိသွားဖို့ ပြင်ဆင်နေကြောင်း VOA သတင်းဌာနကို ပြောကြားထားပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်လူနာတွေကို ဖောင်ကြီးမှာ ကုသပေးနေတယ် လို့ သိရပါတယ်။
ရှမ်းပြည်နယ်မှာလည်း ကိုဗစ်အတည်ပြု လူနာတွေ တွေ့ရှိလာရသလို လားရှိုးမြို့မှာ ဇွန် ၈ ရက်နေ့က ၁၁ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ လူနာ ၃၀ ဝန်းကျင်အထိ ရှိပါတယ်။ တစ်နေ့ထက် တစ်နေ့ ကူးစက်ခံရမှု များပြားလာနေတာနဲ့ အတူ ကိုဗစ်တတိယလှိုင်း ဖြစ်လာမှာကိုပါ စိုးရိမ်နေရပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာ တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးရဲ့ စီးပွားရေးနဲ့ လူမှုဘဝ ထိခိုက်မှုတွေ အများကြီး ရှိခဲ့တာကြောင့် ကိုဗစ်တတိယလှိုင်း ဖြစ်မလာအောင် ကြိုတင်ကာကွယ် ရမှာပါ။ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဖို့ လိုအပ်သလို လက်ဆေးတာတွေ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်တာတွေ စတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို လေးလေးနက်နက် လိုက်နာသွားဖို့ လိုပါတယ်။ တစ်ဦး, တစ်ယောက်ရဲ့ ပေါ့ဆ,မှုကနေ လူအများကို အလျင်အမြန် ကူးစက်နိုင်တဲ့ ကိုဗစ်ကို လုံးဝ မပေါ့ဆဘဲ စည်းကမ်းကမ်းတကျ လိုက်နာနေထိုင်ကြဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။