
ပြည်သူလူထု အမှန်တကယ် အားကိုးယုံကြည်တဲ့ အရပ်သားအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်ရန်အတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ အနေနဲ့ လျှောက်ထားနိုင်တဲ့အကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ မနေ့က တရားဝင်ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လစ်လပ်နေတဲ့ ရုံးအဖွဲ့မှူး (၁)နေရာ၊ လက်ထောက်ရုံးအဖွဲ့မှူး (၁) နေရာ၊ ရုံးအုပ် (၁) နေရာ၊ ဌာနခွဲမှူး (၃)နေရာ၊ အကြီးတန်းဝန်ထမ်း (၃) နေရာ၊ အငယ်တန်းဝန်ထမ်း (၁၆) နေရာ၊ ယာဉ်မောင်း (၂) နရာ ၊ အခွန်ကောက်ဝန်ထမ်း (၆) နေရာ နဲ့ သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်း (၃) နရာအတွက် သတ်မှတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူတွေ အနေနဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးတွင်လည်းကောင်း၊ သက်ဆိုင်ရာ မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ယခုအချိန်ကာလသည် မိမိတို့ဒေသကို ဝိုင်းဝန်းတည်ဆောက်ကြရန်၊ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရန်အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ အခြားညီနောင်တိုင်းရင်းသားများနှင့် အပြန်အလှန်အကျိုးစီးပွားပြုပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန်နှင့် မိမိတို့ဒေသအတွင်း အကျင့်ပျက်ခြစား၊ ဘက်လိုက်မှု လုံးဝကင်းရှင်းသော၊ ပြည်သူလူထု အမှန်တကယ် အားကိုးယုံကြည်သော အရပ်သားအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်ရန်အတွက် မိမိတို့ကိုယ်တိုင် တတပ်တအား ပါဝင်ကြရန်အတွက်လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ရွေးချယ်ခန့်အပ်ခံရသူများအနေဖြင့် တော်လှန်ရေးကာလဖြစ်သည့်အတွက် မည်သည့် လစာ၊ အကျိုးစီးပွား၊ အထူးခံစားခွင့်မှ ရှိမည်မဟုတ်ဘဲ တော်လှန်ရေးခံယူချက်ဖြင့် မိမိတို့ ဒေသတည်ငြိမ်တိုးတက်လာစေရန်၊ ပြည်သူလူထု အမှန်တကယ် ယုံကြည်အားကိုးသော ဒေသန္တရအစိုးရတစ်ရပ် ဖြစ်လာရန်အတွက် သမိုင်းတွင်ရခဲသောဤအခွင့်အရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် စိတ်အားထက်သန်သူများသာ ဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။
မင်းတပ်ဒေသတွင် ခရစ်သက္ကရာဇ် ၁၉၀၀ ဝန်းကျင်မှစ၍ အလုံးစုံပျောက်ဆုံးခဲ့ရသော ကိုယ်ပိုင်အုပ်ချုပ်မှု၊ မိမိကြမ္မာ မိမိပြဌာန်းမှု၊ မိမိတို့ချင်းလူမျိုးများ အများနည်းတူကြီးပွားတိုးတက်ခွင့် အစရှိသည်အရာများသည် နှစ်ပေါင်း ၁၀၀ ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်သာ မိမိတို့လက်ထဲ ပြန်လည်ပိုင်ဆိုင်ရန်အတွက် အသက်သွေးချွေးပေါင်းများစွာဖြင့် တိုက်ယူခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းတပ်မြို့တွင်း ပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ပြန်လည်ခွင့်ပြုပြီဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။