Chinland Council ပူးပေါင်းတပ်ဖွဲ့မှ မေလ ၂၃ ရက်ကတည်းက သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့မှာ အခုအချိန်အထိ အစိုးရအခြေခံပညာကျောင်းတွေမှာ ကျောင်းဖွင့် နိုင်ခြင်းမရှိပဲ ကက်သလစ်ဘုရားကျောင်း နှင့် သတ္တမနေ့ မျှော်လင့်ခြင်း အသင်းတော် တို့မှ ဖွင့်လှစ်တဲ့ ကျောင်း ၂ ကျောင်းမှာ ကလေးများ စာသင်နေရ ပြီဖြစ်ပြီး တွန်းဇံမြို့မှာ အရင်နှစ်က ကျောင်းတက်သူဦးရေ ၁ ထောင်ကျော်ရှိသော်လည်း ဒီနှစ် ၂၀၂၄ မှာ ကျောင်းတက်သူ ၃ ရာကျော်သာရှိကြောင်း၊ဆေးရုံကိုလည်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်ရန် ကြိုးစား နေကြကြောင်း တွန်းဇံမြို့ခံများက Chin World Media ကို ပြောပါတယ်။
“တိုက်ပွဲ မဖြစ်ခင်၊ အရင် နှစ်တွေ တုန်းကတော့ တွန်းဇံမှာ ကျောင်းသား အနည်းဆုံး ၁၀၀၀ ကျော် ပုံမှန် ရှိတယ်။ အခု လက်ရှိမှာ တော့ ၃၀၀ ကျော်ကျော် လောက်ပဲ ကျောင်းတက်နေတယ်၊ကက်သလစ် ဘုရားကျောင်းမှာ ဩဂုတ်လ ၅ ရက်နေ့က စပြီး ကျောင်းဖွင့်ထားတယ်။ ကျောင်းတက်တဲ့ ကလေးတွေ က အယောက် နှစ်ရာ ကျော် ရှိပါတယ်။ သူတို့ကတော့ ငါးတန်း အထိဖွင့်ထားတယ်။ မူလတန်း အဆင့်ပေါ့။ ဇွန်လ ၁၆ ရက်နေ့ကနေ စဖွင့်တဲ့ Seventh Day Adventist (SDA) လို့ ခေါ်တဲ့ သတ္တမနေ့ အသင်းတော်မှာတော့ အယောက် ၁၄၀ ကျော်လောက် တက်တယ် လို့ သိရတယ်။ SDA ကျောင်းမှာတော့ ၇ တန်းထိ သင်ပေးထားတယ်” လို့ တွန်းဇံမြို့ခံ တစ်ဦးက လက်ရှိ ကျောင်းတက်ရတဲ့အခြေအနေကိုပြောပြပါတယ်။
“အစိုးရကျောင်းတွေမှာတော့ ဒီနှစ် အတွင်း ကျောင်း ပြန်ဖွင့် ဖြစ်မှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လေကြောင်း တိုက်ခိုက်မှုရဲ့ ပစ်မှတ် ဖြစ်မှာကို စိုးရိမ် ရလို့ ဖြစ်တယ်။ အသင်းတော်တွေ ဖွင့်တဲ့ ကျောင်းတွေကို ပဲ အားကိုးနေ ရ ပါတယ်။ ဆေးရုံ ပြန်ဖွင့်နိုင် ဖို့ အတွက် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ညှိနှိုင်းနေ ပါတယ်။ မကြာခင် ဖွင့်ဖြစ်တော့မှာပါ၊ဘုရားရှိခိုး ကျောင်းတွေမှာတော့ ပုံမှန် တက်ရောက် နေကြပြီ။ တွန်းဇံ ကက်သလစ် ဘုရားကျောင်းမှာ ဆိုရင် မိဘများနေ့မှာ ဘုရားကျောင်းထဲမှာတောင် မဆံ့ဘူး” လို့ Chinland Council ဝင်၊ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က Chin World Media ကိုပြောပြပါတယ်။
အရင်က လူဦးရေ ၅ ထောင်ကျော်နေထိုင်တဲ့ တွန်းဇံမြို့ကို Chinland Council ပူးပေါင်းတပ်ဖွဲ့မှသိမ်းပိုက်ပြီးနောက် လက်ရှိမှာ အရင် တွန်းဇံမြို့ခံလူဦးရေရဲ့ သုံးပုံ တစ်ပုံ ခန့်(လူဦးရေ ၂ ထောင်ခန့်)သာ နေရပ်ပြန်လာ နေထိုင်ကြောင်းတွန်းဇံဒေသခံတွေဆီကသိရှိရပါတယ်။