ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ပေးကြရန်နဲ့ ပုန်းခိုစရာ နေရာများသေချာတူးဖို့ တို့ကို ချင်းကာကွယ်ရေး – မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် မင်းတပ်မြို့နယ်အတွင်းက မိဘပြည်သူတွေအနေနဲ့ လူစုလူဝေးရှောင်ပေးကြရန်၊မိမိနေအိမ်များ အနီး၊အိမ််အောက် မဟုတ်တဲ့ နေရာမှာ ပုန်းခိုစရာ နေရာတွေ သေချာတူးပေးကြရန် ၊
မိမိအန္တရယ်ကင်းဖို့ သတင်းများကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူများကိုသာ မေးမြန်းကြပါရန်နှင့်ပြည်သူတွေ စိတ်သောက ရောက်စေမယ့် သတင်းမှားဖြန့်ဝေခြင်းတွေ မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေး – မင်းတပ်က အသိပေးထုတ်ပြန်ထားပါတယ်။
မပ်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ခပ်စိပ်စိပ်လုပ်နေသလို သြဂုတ်လ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ မင်းတပ်မြို့ပေါ် အရှေ့ပြင်ရပ်ကွက် ဘန်ကလိုအနီးက ဥယာဉ်ခြံထဲမှာ ဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး သမီးဖြစ်သူ လက်နဲ့ ခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့ပါတယ်။
ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့လို့ ၆ လတာအတွင်း အပြစ်မဲ့ပြည်သူ ၈ ဦး(မြို့နယ်ပြင်ပကို ကယ်ရီသမားဖြစ်သွားခဲ့တဲ့ ပြည်သူ ၆ ဦးအပါအဝင်) နှင့် CDF တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦး သေဆုံးကာ ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေး ( မင်းတပ်) က သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။