Input your search keywords and press Enter.

ချင်းဒုက္ခသည်အရေး ရန်ကုန် UNHCR မှ ဆွေးနွေးရန်ဖိတ်ခေါ်မှုအပေါ် ရန်ကုန်ရှိ ချင်းအရပ်ဘက်အဖွဲ့အစည်းများ ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်မည်

ချင်းဒုက္ခသည်အရေးနှင့်ပတ်သတ်ပြီး UNHCR မှ ရန်ကုန်ရှိ ချင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ဖိတ်ခေါ်မှုအပေါ် ချင်းအရပ်ဘက်အဖွဲ့အစည်းများ ကြိုတင်ညှိနှိုင်းဆွဲနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 “UNHCR က ရက်တော့မသေချာသေးပေမယ့် ၂၇ရက်နေ့လောက်မှာ ရန်ကုန်မှာနေတဲ့ ချင်းအဖွဲ့အစည်းတွေနဲ့ တွေချင်တယ်ဆိုပြီးပြောလာတယ်၊ အဲဒီဆွေးနွေးတဲ့အချိန်ကျရင် အဆင်ပြေအောင် ချင်းအရပ်ဘက်အဖွဲ့စည်းတွေ အရင်တွေ့ဖို့ ပြင်ဆင်ထားပါတယ်၊ UNHCR ဘက်က ဘာကိစ္စနှင့်တွေ့ချင်တာလည်းဆိုတာတော့မသိရသေးပါဘူး”ဟု ဒိုင်မျိုးနွယ်စုကိုယ်စားလှယ် ဆလိုင်းအောင်လိန်းမှပြောသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ဆုံစည်းအေဒင်ခန်းမတွင် အောက်တိုဘာ ၂၅ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မျိုးနွယ်စုရေးရာကော်မတီအသီးသီးမှ တစ်ဖွဲ့လျှင် နှစ်ဦးစီ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ မြို့နယ်နှင့် မျိုးနွယ်စုများမှ လူကြီးများ ၂၀၁၈ ခုနှစ် သြဂုတ်လ (၄) ရက်နေ့က Orchid Hotel တွင် ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့ရှိ ခေါင်းဆောင် အချို့မှ နေပြည်တော်သို့ သွားရောက်ပြီး ချင်းလူမျိုး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာဆွေးနွေးအကြံပြုချက်ရယူခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

UNHCR ၏ ချင်းဒုက္ခသည်များ နေရပ်အေးချမ်းပြီဖြစ်သည့်အတွက် ၂၀၁၉ ဒီဇင်ဘာလနောက်ဆုံး နေရပ်ပြန်ရန် ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် ချင်းလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားအဖွဲ့အစည်းများမှ ပြန်လည်သုံးသပ်ရန် ကြေညာချက်များထုတ်ပြန်ခဲ့သကဲ့သို့ မလေးရှားနိုင်ငံတွင်လည်း နိုင်ငံအရပ်ရပ်မှ ချင်းလူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံကာ ပြန်လည်သုံးသပ်မှုများပြုလုပ်ခဲ့ကြသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှလည်း စာမျက်နှာ ၃၀ ကျော်ပါ မြေပြင်အနေအထား အစီရင်ခံစာကိုထုတ်ပြန်ခဲ့သကဲ့သို့ UNHCR ရုံးစိုက်ရာ ဂျနီဗာတွင်လည်း သွားရောက်ကာ ချင်းဒုက္ခသည်အရေးဆိုခဲ့ကြသည်။