Headlines

ယခုရက်ပိုင်းအတွင်းလေကြောင်းတိုက်ခိုက်တာခံရလို့လူသေဆုံးမှုတွေရှိတဲ့ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ဗုံးခိုကျင်းတွေတူးဖော်ပေးနေ

ဖေဖော်ဝါရီလ ၃ ရက်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိိုက်တာခံရလို့လူသေဆုံးမှုတွေရှိနေတဲ့စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် မြို့နယ်လူသားစာနာအဖွဲ့က ဗုံးခိုကျင်းတွေ တူးဖော်ပေးနေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ လူသားစာနာအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်တွေအတွက် လေကြောင်းရန် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို မြို့နယ် လူသားစာနာက စက်ယန္တရားတွေ အသုံးပြုပြီး ဗုံးခိုကျင်းတွေ တူးဖော်ပေးတာလည်းဖြစ်ပါတယ်။

ကလေးမြို့နယ်၊ ကုက္ကိုင်ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့လို့ စစ်ဘေးရှောင်ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံးခဲ့ရပြီး အယောက် ၃၀ ခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်ကလည်း ကလေးမြို့တောင်ပိုင်း တင်သားကျေးရွာနဲ့ ဒိုးနွယ်ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ခဲ့လို့ တင်သားရွာက အမျိုးသား ၂ ဦးသေဆုံးခဲ့သလို ဘုန်းကြီးကျောင်း၊ ပြည်သူတစ်ဦးနေအိမ်၊ ဆေးပေးခန်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစလို့ သူတို့လက်လွှတ်ဆုံးရှုံးထားတဲ့ ဒေသတွေ၊ သူတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *