![](https://chinworld.org/wp-content/uploads/2024/11/62588033_2321476471453715_6715549763820847104_n.webp)
ဒီဇင်ဘာလ ၃၁ ရက်။
မြန်မာနိုင်ငံတွင်းကနေ မီဇိုရမ်ပြည်နယ်တွင်းကို ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်ရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းသွင်းခြင်း (Biometric enrolment)ကိုယခု ဒီဇင်ဘာလကုန်နောက်ဆုံးထားလုပ်ဆောင်ရန် ဖြစ်ပေမယ့်လည်း (form)ဖောင်ပုံစံအခက်အခဲကြောင့် ဇီ၀ဗေဒဆိုင်ရာစာရင်းသွင်းခြင်းကိုဆက်လက်လုပ်ဆောင်နေရသေးကြောင်း မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောကြားတယ်လို့ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ Times of India သတင်းဌာနကဖော်ပြပါတယ်။
“ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ စာရင်းသွင်းရမယ့်ဖောင်(form) ပုံစံဟာအိန္ဒိယပြည်တွင်းကို တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအတွက်ပြင်ဆင်ထားတာဖြစ်တဲ့ အတွက် ပြည်နယ်အစိုးရအနေနဲ့ တရားဝင်လက်ခံထားတဲ့ မြန်မာနိုင်ငံကရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ ဇီ၀ဗေဒဆိုင်ရာ အချက်အလက်တွေကို စုဆောင်းရာမှာအကျုံးမဝင်ဘူး ဖြစ်နေတယ်” လို့ မီဇိုရမ် ပြည်ထဲရေးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။
သူကဆက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီး Amit Shah က မြန်မာပြည်အတွင်း ငြိမ်းချမ်းမှုမရှိသေးပဲမီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည်တစ်ဦးကိုပင်ပြည်နှင်ဒဏ်ပေးမည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မနှစ်ကတွေ့ဆုံစဉ်အာမခံပြီးပြောကြားခဲ့တဲ့အတွက် အခုဗဟိုပြည်ထဲ ရေးဝန်ကြီးဌာနက ပေးပို့တဲ့ဖောင်ပုံစံများဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ အတွက်သင့်လျော်မှုမရှိဘူးလို့ ပြောပါတယ်။
ဗဟိုပြည်ထဲရေးဝန်ကြီးဌာနကပေးပို့တဲ့ ဖောင်အတိုင်း စစ်ဘေးရှောင်တွေရဲ့ ဇီ၀ဗေဒဆိုင်ရာအချက်အလက်ကောက်ခံမှု၊ စာရင်းသွင်းမှုများအတွက် အသုံးမပြုနိုင်တာကြောင့် ဗဟိုပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားဝင်ပြန်လည်ဆက်သွယ်တာမျိုးမပြုလုပ်သေးကြောင်း သိရပါတယ်။
မီဇိုရမ်ပြည်ထဲရေးဌာနအနေနဲ့ နေရပ်ပြန်သွားသူဒုက္ခသည်များအပါအဝင်ပြည်နယ်အစိုးရစာရင်းအရ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်များရဲ့ကိုယ်ရေးအချက်အလက်များကိုစာရင်းစုဆောင်းထားပြီး အများစုကို ယာယီသက်သေခံကတ်ပြားထုတ်ပေးပြီးဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ကထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်ဒေသအများအပြားမှာဒေသကာကွယ်ရေးတပ်များက နယ်မြေပြန်လည်ထိန်းချုပ်မှုကြောင့် နေရပ်ပြန်သူတွေရှိလာခဲ့ပြီးဒုက္ခသည် အရေအတွက် ၃၄၀၀၀ ကျော်ကနေ ၃၂၇၉၄ ဦးအထိလျှော့ကျသွားတယ်လို့သိရပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရ လက်ရှိအချိန်တွင် မီဇိုရမ်ပြည်နယ်အတွင်း မြန်မာဒုက္ခသည်၃၂၇၉၄ ဦးသည် ခရိုင်ခုနှစ်ခုရှိ ကယ်ဆယ်ရေးစခန်း ၁၂၇ ခုတွင် ခိုလှုံနေကြပြီး ၁၅၉၀၂ ဦးမှာကယ်ဆယ်ရေးစခန်းပြင်ပတွင် ခိုလှုံနေကြပါတယ်။ ဒုက္ခသည်များထဲမှာ အမျိုးသား ၁၀၀၀၂ ဦး၊အမျိုးသမီး ၁၀၃၄၀ ဦး နဲ့ ကလေး ၁၂၄၅၂ ဦးတို့ဖြစ်ကြောင်း ပြည်နယ်ပြည်ထဲရေးဌာနက ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။