Headlines

ချင်းပြည်ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်ဖို့ သူနာပြုနှင့်ဝမ်းဆွဲအတတ်ပညာဒီပလိုမာတန်းဖွင့်လှစ်ရန်ပြင်ဆင်

Chinland Council မှဖွဲ့စည်းရွေးကောက် ထားတဲ့ ချင်းပြည်အစိုးရရဲ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာသူနာပြုနှင့်ဝမ်းဆွဲအတတ်ပညာသင်တန်းကျောင်းကောင်စီတို့ ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်း လိုအပ်တဲ့နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံခြင်း ကောင်းမွန်စေရေးအတွက် ချင်းပြည်ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစတင်ကာ ၃ နှစ်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါတယ်။  

ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရေးနှင့် ချင်းပြည်၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် ၃ နှစ်တာ ကျန်းမာရေးဝန်ထမ်း ဒီပလိုမာတန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။ သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းလျှောက်လွှာတွေကို သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေးနှင့် ကျန်းမာရေး ကိုယ်စားလှယ်ထံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 လျှောက်ထားသူတွေအနေနဲ့ ၂၀၂၁ မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၁ နောက်ပိုင်း NUG အစိုးရ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများဖြစ်ရမည် လို့ ထုတ်ပြန်ထားကာ ၊CDM midwife (ဝမ်းဆွဲဆရာမ/ CDM Midwifery student) များလည်း လျှောက်ထားနိုင်ပြီး CDM midwife ဖြစ်ပါက သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်တို့၏ CDM ဖြစ်ကြောင်း ထောက်ခံစာ တင်ပြနိုင်ရမည်ဖြစ်ကြောင်းသိရပါတယ်။

သင်တန်းပြီးမြောက်ပါက ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ လူဦးရေကန့်သတ်ထားပြီး လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *