Headlines

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် ချွန်ကျုံးရွာက ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တဲ့အပေါ် ချင်းပြည် (Chinland) အစိုးရအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၁ ရက်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် ချွန်ကျုံးရွာက ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တဲ့အပေါ် အပြစ်မဲ့ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေမှုကိုပြင်းထန်စွာရှုတ်ချတယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် (Chinland ) အစိုးရက ယမန်နေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ချွန်ကျုံးရွာကို ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် (၄) ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သားပြည်သူ့နေအိမ်ပေါင်း (၁၅) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ချင်းပြည် (Chinland) အစိုးရကထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ ချွန်ကျုံးရွာကမိသားစုဝင် (၄) ဦးကိုလည်း ယမန်နေ့ဒီဇင်ဘာလ (၁၀) ရက်ညနေပိုင်းမှာဘဲ မြေမြှုပ်သဂြိုလ်လိုက်တယ်လို့လည်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့သူနဲ့ နေအိမ်ပျက်စီး ဆုံးရှုံးမှုအပေါ် ချွန်ကျုံးရွာက ဒေသခံပြည်သူတွေအတွက် လိုအပ်တဲ့ဆေးဝါးအကူအညီနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဆောင်ရွက်သွားမယ်လို့ ချင်းပြည် (Chinland) အစိုးရက ထုတ်ပြန်ထားပါတယ်။

ချွန်ကျုံးရွာကအရပ်သားပြည်သူနေအိမ်တွေကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တုန်းက မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

ချွန်ကျုံးကျေးရွာဟာ ဟားခါးမြို့နဲ့ ၇ မိုင်အကွာမှာတည်ရှိပြီး ဟားခါး-ဖလမ်း ကားလမ်းမဘေးမှာ တည်ရှိတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *