Headlines

ရုံးဝန်ထမ်းအမျိုးသမီးကိုလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ကိုရာထူးမှထုတ်ပယ်ကြောင်း ထုတ်ပြန်

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီက စာရွက်စာတမ်းသက်သေ၊လူသက်သေ၊မျက်မြင်သက်သေ၊ထွက်ချက်များအရ တိုင်ကြားခံရသူဆလိုင်းအိုက်ဇက်ခင်သည် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းအားအမှန်တကယ်ကျူးလွန်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရကြောင်း၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအမျိုးသမီးအားလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ကိုဩဂုတ်လ ၁ ရက်နေ့မှစပြီး လက်ရှိတာဝန််နှင့်ရာထူးမှထုတ်ပယ်ပြီဖြစ် ကြောင်း ဒီနေ့ဩဂုတ်လ ၃ ရက်မှာသတင်းထုတ်ပြန်လိုက်ပါတယ်။

 ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တယ်ဆိုတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားကာ ဌာနအတွင်း စစ်ဆေးကြားနာမှုလုပ်ခဲ့ပြီး အဲဒီစစ်ဆေးချက်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေကနေ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ရေးကော်မတီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။  

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရကြောင်း တိုင်ကြားခဲ့တဲ့ ရုံးဝန်ထမ်းအမျိုးသမီးကို ဧပြီလ ၃၀ ရက်နေ့က တာဝန်ကနေ ရပ်နားလိုက်တာကို ကျူးလွန်ခံရသူအမျိုးသမီးက လက်မခံနိုင်တာကြောင့် သူ့သဘောဆန္ဒအရ မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို နုတ်ထွက်စာပေးပို့ခဲ့ပါတယ်။  

နစ်နာသူအမျိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်မျက်မြင်သက်သေများအားသင့်လျော်သည့်အထောက်အပံ့အစီအမံကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီရဲ့ဒီကနေ့ဩဂုတ်လ ၃ ရက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *