
ဇွန်လ ၁၈ ရက်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာလိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ စောင့်ကြည့်စစ်ဆေးရေး မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်မှု ၂ ခုကြောင့် ချင်းအမျိုးသား ၁ ဦး ဖြစ်တဲ့ Thang Suan Dal ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ် လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့ (ICE) ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီး ထိန်းသိမ်း ခံရသူ Thang Suan Dal မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကလေးသူငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရဖူးတဲ့ ပြစ်မှုနောက်ခံမှတ်တမ်း ရှိခဲ့ သူ ဖြစ်ကာ၊၎င်းသည် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ဖူးသူအဖြစ် သတ်မှတ်ခံထားရသဖြင့် အာဏာပိုင်များထံ စာရင်းပေးသွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ICE ရဲ့ဖော်ပြချက် မှာ ပါရှိပါတယ်။
ယခု ဖမ်းဆီးမှုကို ဖလော်ရီဒါပြည်နယ် ဥပဒေစိုးမိုးရေးဌာန (FDLE) နှင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့ (ICE) ၏ ၂၈၇(ဂျီ) ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်ခြင်း ဖြစ်တယ် လို့လည်း ICE ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီး ခံရသူဟာ Orange County အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး လူထုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်လွတ်မြောက်သွားခြင်း မရှိစေရန်အတွက် ICE က ဒေသခံထောင်အာဏာပိုင်များထံ တရားဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းသိမ်းမိန့် (Immigration Detainer) တစ်ရပ် ထုတ်ပြန်ထား ခဲ့တယ် လို့လည်း ဆိုထား ပါတယ်။

