
ဇွန်လ ၁၂ ရက်။
ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားအပေါင်းနှင့် မြန်မာပြည်သူလူထုအတွက် ခြေလှမ်း (၈၁,၀၀၀) လျှောက်လှမ်းရန်၊ (၈၁) ကီလိုမီတာ ပြေးရန်နှင့် ဘုရားသခင်ထံ ဆုတောင်းခြင်း (၈၁) ကြိမ် ပြုလုပ်ရန် သန္နိဋ္ဌာန်ချမှတ်ကာ လှုပ်ရှားမှုတွင် ပါဝင်နေပါတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ဝန်ကြီးဟောင်း ဒေါက်တာဆာဆာက သူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့အနေနဲ့ သူမ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ သူမ၏သား ကိုထိန်လင်း (Kim Aris) က Proof of Life ကမ်ပိန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှု ပြုလုပ်နေပါတယ်။
စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရဆဲဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ပါဝင်သူများအနေဖြင့် ခြေလှမ်း (၈၁,၀၀၀) လမ်းလျှောက်ရန် သို့မဟုတ် (၈၁) ကီလိုမီတာ ပြေးရန် သို့မဟုတ် မိမိတို့အတွက် အဓိပ္ပာယ်ရှိရာ နည်းလမ်းတခုခုဖြင့် ပါဝင်နိုင်ရန် ဒေါက်တာဆာဆာက တိုက်တွန်းထားပါတယ်။
လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၊ ပြေးခဲ့သည့် ကီလိုမီတာတိုင်းနှင့် ဆုတောင်းချက်တိုင်းသည် ကမ္ဘာကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လည်းကောင်း၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးတို့အတွက် ရဲရဲဝံ့ဝံ့ ဆက်လက်ရုန်းကန်လှုပ်ရှားနေကြသော သန်းနှင့်ချီသည့် မြန်မာပြည်သူများကိုလည်းကောင်း မေ့လျော့ခြင်းမရှိကြောင်း လေးနက်စွာ သတင်းစကားကို ပေးပို့ခြင်း ဖြစ်ပါသည်။
ဇွန်လ ၁၉ ရက်နေ့တွင် ကျွန်တော်တို့အားလုံး တစ်သားတည်း အတူတကွ ရပ်တည်ကြပြီး ၎င်းတို့အသံထုတ်ဖော်ခွင့် ပိတ်ဆို့ခံထားရသူများအတွက် အသံတိုးမြှင့် တောင်းဆိုကြပါစို့။လို့ ဒေါက်တာဆာဆာကရေးသားထားပါတယ်။

