Headlines

ကလေး – တမူး လမ်းမပေါ်က အရှေ့ခုံသာနဲ့ အနောက်ခုံသာကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေပြော

ဇွန်လ ၁၀ ရက်။

စစ်ကိုင်းတိုင်း ကလေး – တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့ အနောက်ခုံသာကျေးရွာတွေက အရပ်သားနေအိမ်တွေကို ကလေးမြို့ဘက်ကနေ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ကစလို့ မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “ ဒီနေ့ မနက်ကစလို့ မီးရှို့နေပြီလို့ အရှေ့ခုံသာဘက်ကနေ ဒီဘက်ကိုပြေးလာတဲ့ သူတွေကပြောတယ် သူတို့ရွာဘက်က မိဘတွေ စိတ်ပူပြီး ဖုန်းဆက်ရင်း သိရတာ သူတို့ရွာခံတွေကိုယ်တိုင်ပြောတာ ။ အရှေ့ခုံသာ၊ အနောက်ခုံသာက ကလေး – တမူးလမ်းမကြီးပေါ်ပေါ့ ကလေးမြို့ဘက်ကနေ ထိုးတဲ့စစ်ကြောင်းက မီးရှို့တာပေါ့” လို့ပြောပါတယ်။

ကလေး – တမူးလမ်းမပေါ်က အရှေ့ခုံသာ ၊ အနောက်ခုံသာ ကျေးရွာတွေအပါအဝင် ကံကြီးကျေးရွာအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမကြီးကို စစ်ကောင်စီဘက်က တမူးဘက်နဲ့ ကလေးမြို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်း ညှပ်ပြီး ထိုးလာလို့ ဒေသခံ ထောင်ချီဟာ အိန္ဒိယ ဘက်နဲ့ ကလေးမြို့ဘက်ကို စစ်ဘေးရှောင်နေရပါတယ်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ်တလျှောက် လုံခြုံရေးကိုင်တွယ်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ကို အာမခံခဲ့ပြီး ရက်ပိုင်းအကြာမှာဘဲ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကလေး – တမူး လမ်းမပေါ်က နေရာတွေကို စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *