Headlines

နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကျင်းပတော့မယ့် ၂၀၂၅ ရွေးကောက်ပွဲ

Members of Myanmar's Union Election Commission (UEC) speak during a demonstration of voting machines to be used in future elections in Yangon on September 5, 2023. Myanmar's junta will likely hold elections in 2025, party officials told AFP on September 5, even as the military struggles to crush resistance to its rule. (Photo by AFP)
Members of Myanmar’s Union Election Commission (UEC) speak during a demonstration of voting machines to be used in future elections in Yangon on September 5, 2023. Myanmar’s junta will likely hold elections in 2025, party officials told AFP on September 5, even as the military struggles to crush resistance to its rule. (Photo by AFP)

မိုင်မိုင်(ဇလပ်မြေ)

နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကကြိုးပမ်းအားထုတ်နေတဲ့၂၀၂၅ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကိုအနည်းနဲ့အများတော့အကျိုးသက်ရောက်မှုရှိလာတော့မှာပါ။

“အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုတယ်” လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ် ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အထွေထွေရွေးကောက်ပွဲကို အခုနှစ် ၂၀၂၅ ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ ပြောကြားခဲ့ကာ၊မြန်မာမှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်သွားမယ့်အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်းစစ် ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ယှဉ်ပြိုင်ဖို့ လျှောက်ထားထားပါတယ် လို့ စစ်ကောင်စီ လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)မှာ ပါတီရုံးချုပ်ဖွင့် လှစ်ထားတဲ့ ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ကစလို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ခူမီးအမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၆ ရက်နေ့က လျှောက်ထားခဲ့ကာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်တာကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ဇိုမီးအမျိုးသားပါတီ(Zomi National Party) က ဥပဒေ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဧပြီလ ၃၀ ရက်နေ့မှာ လျှောက်ထားထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ဒီဇင်ဘာလအတွင်း ပြုလုပ်ရန်ရှိသော ကြောင့် ပါတီတည်ထောင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် မေလ ၉ ရက်နေ့ နောက်ဆုံးထားလျှောက် ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ထုတ် ပြန်ထားကာ ၊ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီအသစ် လာရောက်လျှောက်ထားတဲ့ ပါတီ ၂၇ ခုနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ခု၊ စုစုပေါင်း ပါတီ ၇၇ ခု မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားပြီး ပါတီတည်ထောက်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်နေကြောင်း မေလ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများအား မှတ်ပုံတင်စေခဲ့ခြင်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေမှာသာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာဖြစ်ကာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံ ပြန်တင်ထားတဲ့ နိုင်ငံရေးပါတီထဲက ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမှာဖြစ်ပေမဲ့ ကျန်တဲ့ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်း နိုင်ငံတဝန်းမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ပြည်သူများကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် တစ်နိုင်ငံလုံးမှာ အာဏာရှင်ကို တော်လှန်ရန် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ပေါ်ထွက်လာပြီး လက်ရှိ ၄ နှစ် ကျော်ကာလအထိမြန်မာပြည်တွင်းပဋိပက္ခဟာ ပိုမိုဆိုးရွားလာကာ နိုင်ငံအနှံ့နီးပါး တိုက်ပွဲများလည်း ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီး ၄ နှစ်တာအတွင်း တိုင်းပြည်ဟာ စစ်တလင်းပြင် ဖြစ်ခဲ့ပြီး လူထုရဲ့ နေ့စဉ် လူမှုဘဝလုံခြုံရေးဟာ ခိုကိုးရာမဲ့လျက် အဆိုးရွားဆုံး အခြေအနေ ရောက်ရှိနေတဲ့အပြင် တိုင်းပြည် လူမှုစီးပွားဟာလည်း ကုန်းကောက်စရာမရှိလောက်အောင် ပိုမိုဆိုးရွားတဲ့ အနေအထားသို့ ဆိုက်ရောက်ကာ အဆုံးစွန် ဆိုးကျိုးဖြစ်ကာ ကျဆုံးနိုင်ငံ ( Fail State ) ကိုဦးတည်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးက ၂၀၂၃ အောက်တိုဘာလမှစပြီး ရှမ်းပြည် မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်များက စစ်ကောင်စီတပ်ရဲ့တပ်ရင်း/တပ်မဌာနချုပ်များကို အသာစီးထိုးစစ်ဆင်အနိုင်ရခဲ့ကာ ၂၀၂၄ ခုနှစ်မှာ ရှမ်းပြည်နယ်လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ ရခိုင်ပြည်နယ်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ကို တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်နိုင်တဲ့အထိ ၂၀၂၄ ခုနှစ်မှာရှမ်းပြည်မြောက်ပိုင်းနဲ့ရခိုင်မှာ စစ်ကောင်စီက ရှုံးနိမ့်ခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ က မြန်မာပြည်ကိုလာတဲ့တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မတိုင်ခင်မှာ လက်ရှိမြန်မာနိုင်ငံရဲ့အကျပ်အတည်း တွေကနေ ရုန်းထွက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ဖော်ပြောကြားခဲ့ကာ တရုတ်ဖြစ်စေလိုတဲ့ တည်ငြိမ်အေးချမ်းမှုကိုထိန်းနိုင်မယ့် ရွေးကောက်ခံအစိုးရတရပ် ပေါ်ထွန်းရေး လမ်းကို စစ်ကောင်စီက စတင်လမ်းကြောင်းပေးခဲ့ကာ၂၀၂၄ ခုနှစ်ကနေ အခု ၂၀၂၅ ခုနှစ်အထိ တောက်လျှောက် ရွေးကောက်ပွဲဖြစ်မြောက်ရေးလုပ်ငန်းစဉ်တွေကို ကြိုးပမ်းလာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာ မဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ တိုင်းရင်းသားနဲ့ပြည်သူ့ကာကွယ်ရေးတပ်များလက်နက်ပိုမိုတပ်ဆင်လာမှု၊ တိုက်ရည်ခိုက်ရည် ပိုမိုအတွေ့အကြုံရှိလာမှုနှင့် တဖက်မှာ စစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းဥပဒေအားဖြင့် ၁ နှစ်အတွင်းလူအင်အားသစ်များဖြည့်တင်းနိုင်မှု၊ဒရုန်းများဖြင့်တိုက်ခိုက်လာနိုင်မှု၊ဆုံးရှုံးခဲ့တဲ့နယ်မြေများကို ထိုးစစ်ပြန်ဆင်လာမှုများအရ ပြည်တွင်းစစ်ပွဲမှာ တဖက်ဖက်ကအလဲထိုးအသာစီးအနိုင်ရမှုမရှိပဲ အပြန်အလှန်တိုက်ခိုက်အားကောင်း ေနပါတယ်။

လက်ရှိမှာ ပြည်တွင်းစစ်ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ် တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာပဋိပက္ခတွေကိုသုံးသပ်နေတဲ့ Eurasia Group ရဲ့မြန်မာ့အရေးနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီး တစ်လအကြာ မတ်လထဲမှာ Eurasia Group ခန့်မှန်းမှုမှာ စစ်ကောင်စီမှ ၎င်းတို့အသာစီးရမည့် ရွေးကောက်ပွဲပြန်လည်လုပ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲမကျင်းပပဲ စစ်တပ်မှ ဆက်လက်အာဏာသိမ်းနိုင်ခြေ ၂၀ ရာခိုင်နှုန်း၊ အကူးအပြောင်းမှာ စစ်တပ်မပါဝင်ပဲ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်ပါဝင်လာနိုင်ခြေ ၀ ရာခိုင်နှုန်းအဖြစ်ခန့်မှန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ၂၀၀၈ အ ခြေခံဥပဒေအရ ပြည် ထောင်စု/ပြည်နယ်(သို့)တိုင်း ဒေသကြီးလွှတ်တော်အသီးသီးမှာ တပ်မ တော်သား ၂၅ ရာခိုင်နှုန်း ရွေးစရာမလိုပဲ အလို အ လျောက်ပါရှိပြီးပြီဖြစ်သော ကြောင့် ၂၅ ရာခိုင်နှုန်းကို အခြေခံကာ တပ် မ တော်သား ၂၅ ရာခိုင်နှုန်း + ရွေး ကောက်ခံ ၂၆ ရာခိုင်နှုန်း= ၅၁ ရာခိုင်နှုန်း ပြည့်မှီလျှင် လွှတ်တော် ခေါ်ယူရန် အထမြောက်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်၂၆ ရာခိုင်နှုန်း ရရဖို့အတွက်ကို တည်ငြိမ်တဲ့ ဒေသ တွေမှာ ရွေးကောက်ပွဲကို အပိုင်းလိုက် အရင်လုပ်သည့်နည်းကိုသုံးနိုင် ကြောင်း 2024 မတ်လက ရုရှားမီဒီယာနှင့်အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိကာ မြို့နယ် ၃၃၀ ရဲ့ ထက်ဝက်ခန့် ၁၆၅ မြို့နယ်ခန့်မှာ ယခု၂၀၂၅ နှစ်ကုန်မှာ ရွေး ကောက်ပွဲကျင်းပနိုင်ရေး စစ် ကောင်စီ အပြင်းအထိန်ကြိုးစားဖွယ်ရှိပါတယ်။မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နယ်မြေလည်း ၄ နှစ်အတွင်းများစွာလျော့ပါးလာခဲ့ပါတယ်။လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၅ မြို့ကို သိမ်းပိုက်ထားပြီး တနိုင်ငံလုံးရဲ့ ဧရိယာ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားပါတယ်။

ယခင် ကပြုလုပ်ခဲ့သည့် အ ထွေ ထွေ ရွေး ကောက်ပွဲများ ၂၀၁၀/၂၀၁၅/၂၀၂၀ တွင် လွှတ် တော် ၃ ရပ် ( ပြည်သူ့/အမျိုးသား/ပြည်နယ်(သို့မဟုတ်)တိုင်း ဒေသကြီး) အတွက် တပေါင်းတည်း ရွေးကောက်ပွဲပြုလုပ်ခဲ့ သော်လည်း ၂၀၂၅ ရွေးကောက်ပွဲကို တော့ ပြည်သူ့/အမျိုးသားလွှတ် တော် ၂ ရပ်အတွက်သာ ပြုလုပ်ဖွယ်ရှိပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူနိုင်မှုအရ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၄၄ ရာခိုင်နှုန်းမှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိပါတယ်။ဒါပေမယ့် စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ ဒေသများမှာ မြန်မာနိုင်ငံရဲ့လူဦး ရေအများဆုံး နေထိုင်တဲ့ ဒေသများဖြစ်ကာ ရန်ကုန်၊မန်း လေး၊ နေပြည်တော်။ မြို့ကြီး ၃ မြို့ ပေါင်းလူဦး ရေ သည် ၁၃ သန်းခန့်ရှိ နေပြီဖြစ်ပါတယ်။ပဲခူး၊မ ကွေး၊စစ်ကိုင်း၊ရှမ်းအ ရှေ့ ၊ဧရာဝတီတိုင်း၊မွန်၊ကရင်မှ တချို့မြို့နယ်များကိုထည့်ပေါင်းလျှင် စစ်ကောင်စီရဲ့ ၂၀၂၅ လွှတ်တော် ၂၆ ရာခိုင်နှုန်း ရွေးကောက်ပွဲ အထမြောက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၄ နှစ် ကျော်အကြာ လက်ရှိအချိန်အထိ စစ်ကောင်စီ ကော /လက်နက်ကိုင်တွန်းလှန်နေသူတွေ ကော တဖက်ဖက်ကအသာစီးရမယ့် အလဲထိုးတိုက်ပွဲ ဖြစ်နိုင်ခြေအလွန်နည်းနေပါတယ်၊ဒီလိုသူမနိုင်ကိုယ်မနိုင် ဆက်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပွဲနဲ့အတူ မကြာမီကာလအတွင်း နိုင်ငံရဲ့တစိတ်တပိုင်းမှာဖြစ်စေ ပြုလုပ်မယ့် ပါတီစုံရွေးကောက်ပွဲဟာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

၂၀၂၅ နှစ်မှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလက်ခံရေး/လက်မခံရေးက နိုင်ငံ ရေးအင်အားစု တွေအကြားအငြင်းပွားစရာ/စိတ်ဝမ်းကွဲစရာဖြစ်လာ စေမှာဖြစ်ပြီး စစ်ကောင်စီက တော့ ရွေး ကောက်ပွဲကိုမရမကကျင်းပပြီး နိုင်ငံ ရေးထွက်ပေါက်ကိုအရယူသွားမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မထောက်ခံဖို့ရှိပေမယ့် တရုတ်၊အိန္ဒိယ၊ရုရှားနဲ့အာဆီယံနိုင်ငံအများစုက ထောက်ခံဖွယ်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *