
ဖေဖော်ဝါရီလ ၂၄ ရက်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီက ဘိုဒလားရပ်ကွက်ရှိ BCA ဘုရားကျောင်းမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အသင်းတော်ဝတ်ပြုခြင်း အစီအစဉ်မှာ ရဲတွေကရုတ်တရက်ဝင်ရောက်လာပြီး UN ကဒ် ရှိ/မရှိ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှတ်ပုံတင်ကဒ် (UN ကဒ်) မရှိသူတွေကို ပြင်းထန်စွာ စစ်ဆေးမေးမြန်းမှုတွေ လုပ်သွားတယ်လို့ CHIN Refugees COMMITTEE-New Delhi အဖွဲ့ဖော်ပြချက်အရသိရပါတယ်။
နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ လက်တလောအခြေအနေတွေကြောင့် သတိထားသွားလာနေထိုင်ကြဖို့နဲ့ သွားလေရာ UN ဒုက္ခသည်ကဒ်တွေ ယူဆောင်ဖို့နဲ့ သက်တမ်းကုန်ဆုံးတာတွေရှိရင်လည်း အမြန်ဆုံး update လုပ်ဖို့ CHIN Refugees COMMITTEE-New Delhi အဖွဲ့က အသိပေးထားပါတယ်။
အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဆလိုင်းဒိုခါရ်က “ဒေလီမြို့ပေါ် BJP အစိုးရဖွဲ့လာပြီးနောက်ပိုင်း ပထမဆုံးကြုံတဲ့ဟာဆိုတော့ ဒေလီအစိုးရ အပြောင်းအလဲကြောင့်ဖြစ်တယ်လို့တော့ ပြောလို့တော့ရမယ်ထင်တယ် ဒါပေမယ့် တချက်တော့ စောင့်ကြည့်ဖို့လိုတယ် အဲလိုပြောဖို့ကလည်း နဲနဲခက်ပြန်သေးတယ် ဒီလိုဖြစ်စဉ်ဟန်မျိုးကတော့ သိပ်ပြီးကြုံရလေ့မရှိဘူးပေါ့ ကျနော်အထင်ကတော့ ဒေလီအစိုးရအပြောင်းအလဲကိုတော့ နည်းနည်းစောင့်ကြည့်ဖို့လိုလိမ့်မယ်ထင်တယ် ဒီလိုအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်တဲ့ အနေထားဆိုတော့” လို့ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ပေါ် BJP အစိုးရဖွဲ့လာပြီးနောက်ပိုင်း စစ်ဘေးရှောင် ဒုက္ခတွေရှိတဲ့ နေရာကိုလာရောက်ပြီး အခုလို ပထမအကြိမ် စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်ဆောင်ရွက်တာလို့လည်းဖြစ်ပါတယ်။
၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းလူမျိုး လူသောင်းချီအပါအဝင် တခြားဒေသက ဒေသခံပြည်သူများစွာ ရှိခဲ့ပါတယ်။