
မလေးရှားအစိုးရအနေနဲ့ သူ့နိုင်ငံတွင်းရောက်ရှိနေတဲ့ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ မလေးရှားအစိုးရဆီတရားဝင်မှတ်ပုံ တင်ထားသူတွေကို တရားဝင်အလုပ်လုပ်ခွင့်နဲ့ လူမှုရေးဆိုင်ရာ အကူအညီများပေးအပ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဒုက္ခသည်တွေကိုည်ခေါ်ဆိုမှုဆိုင်းငံ့ထား ကြောင်း ကြေညာပြီးသုံးပတ်မြောက်အကြာမှာ မလေးရှားဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ Zaliha Mustafa ကပြောဆိုလာတာဖြစ်ပါတယ်။
“လူသားချင်းစာနာထောက်ထားမှုအရ မလေးရှားဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တခြားနိုင်ငံတွေက ဒုက္ခသည်တွေကို လူမှုရေးအကူအညီတွေ ထပ်တိုးပေးခဲ့ပါတယ်။ အစိုးရက ဒီအဖွဲ့တွေကို တတိယနိုင်ငံမှာ အခြေချနေထိုင်ခြင်း သို့မဟုတ် မူလနိုင်ငံကို မပြန်ခင်ထိ တည်ဆဲဥပဒေတွေနဲ့အညီ အစိုးရက ယာယီနေထိုင်ခွင့်ပြုထားပါတယ်” လို့ ဒေါက်တာ Zaliha Mustafa ကပြောပါတယ်။
ကဏ္ဍအသီးသီးအလိုက် အလုပ်သမားလိုအပ်ချက်များနဲ့အခြေအနေပေါ်မူတည်ပြီး မလေးရှားရှိဒုက္ခသည်များကိစ္စနဲ့ သီးခြားအချက်များကို ဆွေးနွေးပြုပြင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ အဓိကတော့ UNHCR ရုံးနဲ့ မလေးရှားအစိုးရဆီ မှတ်ပုံတင်(အိုင်ဒီ) ကဒ်ကို တရားဝင်ပြုလုပ်ပြီးတဲ့သူတွေအတွက်ပဲ အကျုံးဝင်မှာဖြစ်ပါတယ်။
သူမအနေဖြင့် ဤမှတ်ချက်ကို PH နိုင်ငံရေးပါတီကိုယ်စားလှယ် Teresa Kok Suh Sim မှ လွှတ်တော်အစည်းဝေးအတွင်း ပြည်တွင်း အလုပ်သမားအင်အားနည်းပါးမှုကိုဖြေရှင်းရန်အတွက် UNHCR မှအသိမှတ်ပြုထားတဲ့ဒုက္ခသည်များကို အစိုးရအနေဖြင့်တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုနိုင်၊မပြုနိုင်ကို မေးမြန်ခြင်းခြင်း ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာသဘောတူညီချက် 1951 Refugee Convention သို့မဟုတ် 1967 Refugee Protocol ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ဘူးဆိုတာကိုတော့ သိကြဖို့လိုတယ်လို့ Zaliha က အသိပေးပြောကြားပါတယ်။


ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ မလေးရှားရုံးခွဲဟာ မလေးရှားနိုင်ငံမှာအခြေစိုက်တာ နှစ်ပေါင်း ၄၀ ရှိပြီဖြစ်ပြီး ဒုက္ခသည်များအရေးအကူအညီပေးခြင်း၊ မလေးရှားရောက်လာတဲ့ ဒုက္ခသည်များ တတိယနိုင်ငံများကို ဆက်ပြီးနေထိုင်ခွင့်အတွက် အကူအညီပေးခြင်းတို့ကို ဆောင်ရွက်ပေးနေခဲ့တာဖြစ်ပါတယ်။
လက်ရှိကာလမှာ အမေရိကန်အစိုးရက ဒုက္ခသည်တွေ လက်ခံတဲ့ အစီအစဉ် ကိုဆိုင်းငံ့ထားချိန်မှာ ဒုက္ခသည်တွေကို လိမ်လည်မှုတွေရှိလာနိုင်တာကြောင့် သတိထားကြဖို့၊ အမေရိကန်ကို ပို့ဆောင်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဒုက္ခသည်အဖြစ် နိုင်ငံရပ်ခြားသွားနိုင်ရေးကူညီပေးတာနဲ့ UN လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို ငွေကြေးယူပြီး လိမ်လည်မှုတွေကို အထူးသတိပြုဖို့ ဖေဖော်ဝါရီ (၅) ရက်နေ့ မှာ UNHCR ကထုတ်ပြန် သတိပေးခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ အကူအညီပေးရေးရက်ပေါင်း (၉၀) ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက မြန်မာ ဒုက္ခသည်အချို့အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ထွက်ခွါခါနီးမှ လှည့်ပြန်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
အခုလိုအခြေအနေမျိုးမှာ မလေးရှားဝန်ကြီးချုပ်ရုံးအနေနဲ့ တရားဝင်မှတ်ပုံတင်ထားသူတွေကို သူ့နိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ပေးလာတဲ့အပေါ် ဝမ်းသာစရာသတင်းဖြစ်တယ်လို့ မလေးရှားမှာလက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသားတစ်ဦးကပြောပါတယ်။
မလေးရှားမှာ ၈ နှစ်ကြာနေပြီဖြစ်တဲ့ ဆလိုင်းဗန်လောမ်က “ မလေးရှားသွားမယ်၊ မလေးရှားသွားမယ်ဆိုတဲ့ ခေတ်ထတာဆယ်စုနှစ်သုံးစုနှစ်နီးပါးတောင်ဖြစ်တော့မယ်။ အများစုကတော့ UN လျှောက်ကြတယ်။ တတိယနိုင်ငံကူးကြတယ်။ တစ်ချို့က မလေးရှားမှာကြာလာတော့ အလုပ်လုပ်ကြရတယ်။ ချင်းလူမျိုးကတော့ တရားဝင်များပါတယ်။ တစ်ခြားနိုင်ငံကပဲ တရားမဝင်မှောင်ခိုနည်းနဲ့ရောက်လာတာများတယ်။ ခဏခဏလည်း အဖမ်းခံကြရတယ်။ ဒီမှာက ချင်းလူမျိုးတွေအတွက် အကူအညီပေးတဲ့ အဖွဲ့ရှိတော့ အများကြီးအဆင်ပြေတယ်။ တစ်လောကပဲ UN ကနေဖုန်းဆက်ဆက်သွယ်တာ ဆက်သွယ်လို့မရဘူး။ ဒါကြောင့် ဖုန်းဖြေကြပါ။ ဖုန်းလက်ခံကြပါဆိုပြီး CRC (Chin Refugee Committee ) ကနေသတိပေးနေခဲ့တယ်။ အကြောင်းကြားစာရပြီးတော့ သွားတော့မယ်လုပ်တဲ့သူတွေလည်း အခုကတော့ အားလုံး Cancel ဖြစ်သွားပြီဆိုတော့ UNHCR ရုံးကဘယ်လိုလုပ်ပေးမလဲတော့မသိဘူး” လို့ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားအချို့ကို မလေးရှားအာဏာပိုင်များက ဖမ်းစီးကာ မြန်မာအစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ပြန်ပို့ခံရတဲ့ လူငယ်အချို့ စစ်မှုထမ်းအတွက် စုဆောင်းခံရတာတွေရှိတဲ့အတွက် တရားမဝင်နဲ့နေထိုင်သူတွေအတွက်ကတော့ စိုးရိမ်မှု ရှိမှာတော့ အမှန်ပဲလို့ မလေးရှားရောက် ချင်းဒုက္ခသည်များအရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
“ အဓိကတော့ အမေရိကန်ကို မသွားဖြစ်တော့သည့်တိုင် ဒီမှာတရားဝင်အလုပ်လုပ်ခွင့်ရရင် အများကြီးအဆင်ပြေတာရှိတယ်။ စိတ်မကောင်းတာက လင်ကအမေရိကန်ရောက်ပြီးတာကြာပြီ။ သူအမျိုးသမီးနဲ့ကလေးတွေက ဒီမလေးရှားမှာပဲ ကျန်နေသေးတာမျိုးလည်းရှိတယ်လေ” လို့ မလေးရှား၊ ကွာလာလမ်ပူမြို့ ကုန်တိုက်တစ်ခုတွင် အထည်အရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ မိုင်ချင်ချင်(အမည်လွှဲ) ကပြောပါတယ်။
လက်ရှိမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ရုံးရှိ ဒုက္ခသည်များ အခြေချနေထိုင်ရေးပံ့ပိုးရေးစင်တာ (RSC) အနေနဲ့လည်း UN လျှောက်ထားသူများကို တွေ့ဆုံမေးမြန်းတာကို ဇန်နဝါရီ (၁၇) ရက်နေ့က ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ဇန်နဝါရီလကုန်အထိ မလေးရှား UNHCR ရုံးမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၉၂၄၂၀ ခန့်ရှိပြီး မြန်မာနိုင်ငံကနေ ၁၇၀၉၂၀ လောက်ရှိတဲ့အနက် ၁၁၁၉၈၀ ခန့်ဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့သိရပါတယ်။ ချင်းလူမျိုး ဒုက္ခသည် ၂၇၇၉၀ ခန့်ရှိပြီး ၂၀၂၁ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကြောင့် ထပ်မံခိုလှုံလာသူ ၃၁၁၄၀ ရှိတယ်လို့သိရပါတယ်။ အဲဒီအပြင် အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံပေါင်း ၅၀ ကနေလာရောက်ခိုလှုံတာဖြစ်ပြီး ၆၅ ရာခိုင်နှုန်းဟာ အမျိုးသားများဖြစ်ကာ ၃၅ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးပေါင်း ၅၄၃၄၀ ဦးရှိတယ်လို့ သိရပါတယ်။ ဒါဟာ UNHCR ရုံးမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ လူဦးရေအရေအတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ရောက်ရှိသူဦးရေဟာ အများဆုံးဖြစ်ပြီး နောက်ထပ်လာရောက်ခိုလှုံတဲ့ လူဦးရေများတဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီ၊ အာဖဂန်၊ ဆီးရီးယားနိုင်ငံတို့ဖြစ်တယ်လို့ဆိုပါတယ်။ တစ်နိုင်ငံချင်းစီအလိုက် လာရောက်ခိုလှုံသူတွေဟာ အနည်းဆုံးထောင်ဂဏန်းဆီရှိပါတယ်။