
ဖေဖော်ဝါရီလ ၃ ရက်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ချင်းတောင်ခြေကလေးမြို့၊ မြို့မဈေးရှိ ဟိန္ဒူရေဆန်ကျွန်းဘုရားကျောင်းမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ချင်းလူမျိုး စာရေးဆရာတွာလ်ခင်းမာန် ရေးသားထားသော ဝတ္ထုတိုများ စုစည်းထားတဲ့ တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ နှင့် အခြားဝတ္တုတိုများ စာအုပ် မိတ်ဆက်ပွဲကို ချင်းလူငယ် တချို့နှင့် အတူ ကလေးမြို့ စာပေ အသိုင်းအဝိုင်း နှင့် စာရေးဆရာများမှ ပြုလုပ်ကျင်းပ သွားခဲ့တယ် လို့ စာအုပ် စီစဉ်သူ စာရေးဆရာ ဇို(တီးတိန်) ထံမှ သိရှိရပါတယ်။
“ဆရာသိန်းထိုက်ဦး(ထေရု) က အခမ်းအနားမှူး လုပ်ပေးခဲ့တယ်။ ကျွန်တော်က စာအုပ် ထုတ်ဝေဖြစ်ပုံကို ရှင်းပြ ပေးခဲ့တယ်။ ဆရာဓီရာလင်း က စာအုပ်ကို သုံးသပ်ပေးခဲ့တယ်။ ဆရာချိုတကူး(ကလေး)၊ ဆရာမောင်ကိုမောင် (ကလေး)၊ ဆရာအောင်မူး(ကလေး)၊ ဆရာကိုဇော်(ကလေးမြို့)၊ ဆရာသော်တာစံ(ကလေး)၊ ဆရာမနှင်းနွယ် (ကလေး) အပြင် စာရေးဆရာမျိုးကို (ဒေါက်တာမျိုးသင်း – အထွေထွေရောဂါကုသမားတော်ကြီး)ကလဲ ပါဝင် အားဖြည့် ပေးခဲ့ကြပါတယ်။ ဆရာတွာလ်ခဲင်းမာန်ရဲ့ ရေးဖော်ရေးဖက်များဖြစ်ကြတဲ့ ဆရာချိုတကူး(ကလေး)နဲ့ ဆရာမောင်ကိုမောင်တို့က ရှေးဟောင်းနှောင်းဖြစ်များကို ဝေမျှရင်း ဆရာဘကြူး၊ ဆရာထိပ်သီးတို့ကလဲ ဆရာတွာလ်အလွမ်းပြေစကားများ ဆိုခဲ့ကြပါတယ်။ ကဗျာဆရာတာန်၊ ကဗျာဆရာလင်းစည်သူတို့ကလဲ တက်ရောက်အားပေးခဲ့ကြပါတယ်။ နောက်ဆုံး ပွဲသိမ်းအနေနဲ့ ဆရာတွာလ်ခဲင်းမာန်ရဲ့ “ဝိုင်ခိုဿမ်အလွမ်း”ကဗျာကို ကဗျာဆရာ ကိုဇော်(ကလေးမြို့) က အားရပါးရ ရွတ်ဖတ်ပေးသွားပါတယ်” လို့ စာအုပ်မိတ်ဆက်ပွဲ အခြေအနေမျာကို စာရေးဆရာ ဇို(တီးတိန်) က ပြောပြပါတယ်။
ချင်းလူမျိုး စာရေးဆရာ တွာလ်ခဲင်းမာန် ကို ချင်းပြည်နယ်၊ ကျီခါးမြို့ တွီးမွီရွာသား မိဘ နှစ်ပါး ထံမှ ၁၉၆၂ ခုနှစ်မှာ ပုသိမ်မြိုမှာမွေးဖွားခဲ့ကြောင်း၊ သူ့ရဲ့ ပထမဆုံးသော ပုံနှိပ် စာလုံးဖြင့် ဖော်ပြခံရတဲ့ စာကတော့ ၁၉၈၄ ခုနှစ်ထုတ် ကျိမ်နွဲ မဂ္ဂဇင်း တွင် အမာဏ်ရယ် ကလောင် နာမည်ဖြင့် ရေးသားခဲ့ တဲ့ ပျော်ရာစေ ကဗျာဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်တွင် မဟေသီ မဂ္ဂဇင်း ၌ ‘တောင်ပေါ်လေ’ ဟူသော အတိုဆုံး ဝတ္ထုတို ကို တွာလ်ခဲင်းမာန် အမည် ဖြင့် စတင်ဖော်ပြခံခဲ့ရ ကြောင်း၊ ရွှေအမြူတေ၊ မဟေသီ၊ မှုခင်းရောင်စုံ၊ ကျိမ်နွဲ၊ ချင်း စသည့် မဂ္ဂဇင်းများနှင့် အလင်းအိမ် ခရစ်ယာန် ဘာသာရေးစာစုတို့တွင် ကဗျာနှင့် ဝတ္ထုတိုများ ရေးသားခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် ပဉ္စမအကြိမ် မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတို ပြိုင်ပွဲ၌ တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ စာမူဖြင့် ပထမဆု ရရှိခဲ့ကြောင်း၊ ၂ဝဝ၁ ခုနှစ်တွင် စာရေးဆရာကြီး ဦးအောင်သင်း ကမကထပြု ရွေးချယ်ကျင်းပသော ဥက္ကာကျော် ဝတ္ထုတိုပြိုင်ပွဲ၌ “အိမ်စိမ်းကလေးတစ်လုံး”စာမူဖြင့် တတိယဆု ရရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့ ကြောင်း စာအုပ်ပါ အထ္တုပတ္တိအရ သိရှိရပါတယ်။
ယခု ထုတ်ဝေထားတဲ့ “တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ နှင့် အခြားဝတ္တုတိုများ” စာအုပ်တွင် ဆရာတွာလ်ခဲင်းမာန် ရေးထားသည့် ချင်းတောင် နောက်ခံ ဝတ္တုတို ၁၁ ပုဒ် ပါဝင်ပါတယ်။


