Headlines

၂၀၂၄ သန်းခေါင် စာရင်းမှာချင်းပြည်နယ်လူဦးရေကို ၃ သိန်း ၇ သောင်းကျော်သာဖော်ပြပြီး ၁၀ နှစ် အတွင်း ချင်းပြည်နယ် လူဦးရေ ၁ သိန်းကျော် လျော့ကျ

ဇန်နဝါရီလ ၁ ရက်။

၂၀၂၄ ခုနှစ် ဒီဇင်လာလ ၃၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်သော ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းရဲ့ ရှေ့ပြေး လူဦးရေ စာရင်း အစီရင်ခံမှာ ချင်းပြည်နယ် လူဦးရေကို ၃၇၃,၀၂၄ ဦး အဖြစ် ဖော်ပြထားရာ လွန်ခဲ့သော ၁၀ နှစ်က ပြုလုပ်ခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်း အရ ဖော်ပြထားသည့် ၄၇၈,၈၀၁ နှင့် ယှဉ်ကြည့်ပါက လူဦးရေ ၁ သိန်း နှင့် ၅ ထောင်ကျော် လျော့ကျ သွားကြောင်း တွေ့ရှိရပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှ ရရှိသော ရှေ့ပြေး လူဦးရေ စာရင်းအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာ နိုင်ငံအတွင်း၌ ရှိနေသူ ဦးရေကို ၅၁ သန်းကျော် (၅၁,၃၁၆,၇၅၆ )ဦး ရှိတယ်လို ဖော်ပြ ထားပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ၏ လူဦးရေ ၅၁,၄၁၉,၄၂၀ ဦး နှင့် နှိုင်းယှဉ်ပါက တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လူဦးရေ ၁၀၂,၆၆၄ ဦး ( ၁ သိန်း ေကျာ်) လျော့ကျ ခဲ့ပါတယ်။

စာရင်းကောက်ယူနိုင်သည့် လူဦးရေသည် ၃၂ သန်းကျော် (၃၂,၁၉၁,၄၀၇ )ဦး ရှိခဲ့ပြီး စာရင်း မကောက်ယူနိုင်သည့် ဒေသ အတွက် ခန့်မှန်း လူဦးရေ သည် ၁၉ သန်းကျော် (၁၉,၁၂၅,၃၄၉ဦး )ဖြစ်ကာ အမျိုးသား ဦးရေဟာ ၄၆.၉% ရှိပြီး အမျိုးသမီးဦးရေဟာ ၅၃.၁% ရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။

ချင်းပြည်နယ်မှာတော့ စာရင်းကောက်ယူ နိုင်သည့် လူဦးရေ ၂၉,၂၃၄ ဦး ရှိပြီး စာရင်း မကောက်ယူနိုင်သည့် ဒေသ အတွက် ခန့်မှန်း လူဦးရေ ကတော့ ၃၄၃,၇၉၀ ဦး အဖြစ် ခန့်မှန်း တွက်ချက် ထားတာ တွေ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ၃ နှစ် ကျော်ဝန်းကျင်မှာ ၅ သိန်းဝန်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လုံခြုံရေး အခြေအနေ အရ ရာနှုန်းပြည့် စာရင်းကောက်ယူ နိုင်ခြင်း မရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည် အနက် ၁၄၅ မြို့နယ်တွင် ရာနှုန်းပြည့် စာရင်း ကောက်ယူ နိုင်ခဲ့ကြောင်း၊ တစိတ်တပိုင်း ကောက်ယူ နိုင်သော မြို့နယ် ၁၂၇ မြို့နယ် ရှိပြီး လုံးဝ စာရင်း ကောက်ယူ နိုင်ခြင်း မရှိသည့် မြို့နယ် ၅၈ မြို့နယ် ရှိတယ် လို့လည်း ယင်း လူဦးရေ ရှေ့ပြေး အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ်။

ချင်းပြည်နယ်မှာတော့ ၉ မြို့နယ် ရှိတဲ့ အနက် ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ် နှင့် တီးတိန်မြို့နယ် တို့တွင်သာ တစိတ်တပိုင်း စာရင်း ကောက်ယူနိုင်ခဲ့ပြီး ကျန် ၆ မြို့နယ်တွင်မူ စာရင်းကောက်ယူ နိုင်ခြင်း လုံးဝ မရှိကြောင်း တွေ့ရှိရ ပါတယ်။

၂၀၂၄ သန်းခေါင်စာရင်းအစီရင်ခံစာ အရ မြန်မာနိုင်ငံရှိ လူဦးရေ ၃၁%ဟာ မြို့ပြတွင် နေထိုင်ခဲ့ပြီး ၆၉% မှာ ကျေးလက်တွင် နေထိုင်သူများ ဖြစ်တယ် လို့လည်း ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၈၉၁ ခုနှစ်တွင် ၇.၇ သန်း၊ ၁၉၀၁ တွင် ၁၀.၅ သန်း၊ ၁၉၂၁ တွင် ၁၃.၂ သန်း၊ ၁၉၇၃ တွင် ၂၈.၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅.၃သန်း၊ ၂၀၁၄ ခုနှစ်တွင် ၅၁.၅ သန်း နှင့် ၂၀၂၄ ခုနှစ်တွင် ၅၁.၃ သန်း အသီးသီး ရှိတယ် လို့ ဖော်ပြ ထားပါတယ်။

ချင်းတောင်ခြေ ရှိ ကလေးမြို့နယ်တွင်မူ လူဦးရေ ၅၃၇,၄၁၄ ဦး ရှိသည်ဟု ဖော်ပြ ထားပြီး ချင်းပြည်နယ်လူဦးရေ ထက် ၁သိန်း ၆သောင်း ကျော် များပြား သည်ကိုလည်း တွေ့ရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *