
ဇန်နဝါရီလ ၁၆ ရက်။
အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်ကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းချနေ တဲ့သူတွေကို မန္တလေးမြို့မှာ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၁၅ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးတင်ပို့ရောင်းဝယ်နေတဲ့သူတွေကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်၊ မဟာမြို့ (၂)ရပ်ကွပ်၊ ၄၁ (A) လမ်း၊ ၆၁ – ၆၂ လမ်းကြားမှာ စောဖြိုးအောင်၊လင်းလင်း အောင်၊ လှိုင်ဖြိုး (ခ) ကိုထွေးနဲ့ အောင်မျိုးသိန်း (ခ) တာတီးတို့ ၄ ဦးကို Toyota CROWN မော်တင်ယာဉ်တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုတို့နဲ့အတူ ဇန်နဝါရီလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ယမန်နေ့ညနေမှာဘဲ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ စောဖြိုးအောင် နေအိမ်ကနေ တစ်ပုလင်းလျှင် ၁၀၀ မီလီတာစီပါ PHENSEDYL ၃၀ ပုလင်းထပ်မံဖမ်းဆီးရမိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နားရိုင်းရွာသစ် ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံနဲ့ ချမ်းအေးသာစံမြို့နယ်နေ အောင်သူ(ခ)စိန်သောင်းမှ တာဝန်ခံပြီး လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊လင်းလင်းအောင်နဲ့ ဇော်မျိုးသိန်းတို့က သယ်ယူ၍ ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်က မန္တလေးမြို့မှာ ဘိန်းဖြူတွေဝယ်ယူပြီး မြန်မာ – အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်ကို သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာအိန္ဒိယ နယ်စပ်ကီရန်းကနေ ပြန်လည်ရောင်းချခြင်းဖြစ်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကလေးမြို့ကနေ မန္တလေးမြို့ကို PHENSEDYL တွေသယ်ဆောင်ရောင်းဝယ်နေကြောင်းလည်း သိရပြီး ဘိန်းဖြူရောင်းချပေးခဲ့တဲ့ အောင်သူနဲ့ သန့်ဇင်ထွန်းတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီး Zuzaki Caiz မော်တော်ယာဉ်တစ်စီးနဲ့ လည်းကောင်း၊ PHENSEDYL တွေရောင်းချပေးခဲ့တဲ့ လှိုင်မျိုးထွန်း အားမန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစီမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင်လည်း ဖမ်းဆီးရမိခဲ့ပြီး ဥပအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မြန်မာ – အိန္ဒိယနယ်စပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေ ကြီးမားလာခြင်းကြောင့် အိန္ဒိယ အစိုးရကလည်း စိုးရိမ်လျက်ရှိသလို မြန်မာ – အိန္ဒိယနယ်စပ်ကိုလည်း အိန္ဒိယအစိုးရက ခြံစည်းရိုးကာရံပြီး လက်နက်၊ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေကို တားဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိနေပါတယ်။

