Headlines

ဖလမ်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသွားလိုရာသွားခွင့်ပေးမယ်လို့ CNOဒုဥက္ကဌက ကမ်းလှမ်း

ဒီဇင်ဘာလ ၁၁ ရက်။

ချင်းပြည်နယ် ဖလမ်းမြို့ စစ်ကောင်စီတပ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် သွားလိုရာနေရာ သွားခွင့်ပေးမယ့်အကြောင်းနဲ့ လာရောက်ဆက်သွယ်ပေးကြဖို့ ဖလမ်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ဒုဥက္ကဌ ၁ ဆလိုင်းပီတာထန်းက ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ ၎င်းဖေ့ဘုတ် လူမှုကွန်ယက်ကနေ တဆင့် ကမ်းလှမ်းဖိတ်ခေါ်ထားပါတယ်။

“ကျနော်တို့ရဲ့မြို့ကို ကျနော်တို့ပြန်ယူနေတာက ကျနော်တို့အတွက်တော့ သမိုင်းပေးတာဝန်ပါ။ အဲဒီအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက် ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ရှိနေမှာ၊ ခဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်ဆီးတဲ့ သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်တော့မှာ။ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျနော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ။ ဖလမ်းမြို့ကို ထားခဲ့ပြီးသွားမယ်ဆိုရင် ဆက်သွယ်ပေးပါ ဖလမ်းတပ်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အသေအလဲကာကွယ်တာ ဘာအတွက်လဲ? ခဗျားတို့အတွက် အသက်စွန့်ကျူးကျော်ရ တန်ရဲ့လား? ကျနော်တို့လိုချင်တာ ခဗျားတို့ရဲ့အသက်မဟုတ်ဘဲ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ “လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့ဒုဥက္ကဌ ၁ ဆလိုင်းပီတာထန်းက ၎င်း ဖေ့ဘုတ် လူမှုကွန်ယက်ကနေအသိပေးဖော်ပြထားပါတယ်။

ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့လည်းသိရပါတယ််။

လက်ရှိမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ၁ လ ဝန်းကျင် ရှိလာပြီဖြစ်တဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပေမယ့် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်စခန်း တော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အကြောင်းကို ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က Chin World မီဒီယာကိုဖြေကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *