ဒီဇင်ဘာလ ၁၆ ရက်။
စစ်ကောင်စီက မကွေးတိုင်းချောက်မြို့ကနေ ကုန်စည်ပစ္စည်းတွေပို့ဆောင်တာကိုပိတ်ဆို့ဖြတ်တောက်တာတွေ၊ သယ်ယူစရိတ်တွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ စားသောက်ကုန်တချို့ပြတ်လပ်ပြီး၊ ကြက်ဥတောင်ရှာမရဖြစ်နေပြီး၊ဓာတ်ဆီတစ်လီတာကိုလည်း တစ်သောင်းခွဲဝန်းကျင်အထိ ပေးဝယ်နေရတဲ့အကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့၊မင်းတပ်မြို့၊ မတူပီနဲ့ ပလက်ဝမြို့နယ်ဒေသခံတွေဟာ အခြေခံစားသောက်ကုန်တွေကို မကွေးတိုင်း ဆောမြို့နယ်နဲ့ ချောက်မြို့နယ်ဘက်ကနေ အဓိကဝယ်ယူအားထားနေရတာလည်းဖြစ်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးပြောတာက “ကျနော်အခုနေတဲ့ရွာမှာဆိုရင် ကြက်ဥကမရောက်နိုင်တော့ဘူး၊ ဆောအနီးအနားဝန်းကျင်မှာကို ကြက်ဥတစ်လုံးကို တစ်ထောင်လောက်ဖြစ်တယ် ဓာက်ဆီတွေကကြတော့ ကျနော်တို့ရွာဘက်မှာက တစ်လီတာကို တစ်သောင်းခွဲ၊ တစ်သောင်းလေးထောင် (တစ်သောင်းသုံးထောင်လောက်) ရှိတယ် အမြင့်ဆုံးက တစ်သောင်းခွဲထိပေါ့ ဆောအနီးနားဝန်းကျင်မှာတော့ တစ်လီတာကို ၅ ထောင်စျေးပေါ့ ချင်းပြည်နယ်ဘက်ကိုတော့ ဆိုင်ကယ်နဲ့သယ်ရတာတွေဖြစ်တော့ ကျနော်တို့ရွာဘက်တွေမှာ တစ်သောင်းခွဲလောက်ရှိတယ် တစ်ရွာနဲ့တစ်ရွာက ပေးရတဲ့ စျေးနှုန်းက မတူကြဘူး စစ်ကောင်စီဘက်က လုံးဝပိတ်တာမျိုးတော့ မဟုတ်ဘူး နည်းနည်းပါးပါး ပြန်ဖွင့်တာမျိုးတော့ရှိတယ်” လို့ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလကနေစပြီး မကွေးတိုင်းချောက်မြို့ကနေ စားသောက်ကုန်ပစ္စည်းသယ်ယူတာတွေကို ပိတ်ဆို့ဖြတ်တောက်တာတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းကဒေသခံတွေအနေနဲ့ အခြေခံစားသောက်ကုန်ပြတ်လတ်တဲ့ဒဏ်ကိုခံစားနေရပါတယ်။