Headlines

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ထုတ်ပြန်ကြေညာ

ဒီဇင်ဘာလ ၂၃ ရက်။

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲစတင်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်မှာကြေညာချိန်ကစပြီး စစ်ကောင်စီတပ်ဟာ ကန်ပက်လက်မြို့ကိုစွန့်ခွါထွက်ပြေးသွားတဲ့အတွက် ယခုအချိန်မှာ ကန်ပက်လက််မြို့နယ်တစ်ခုလုံးမိမိတို့ချင်းညီနောင်အဖွဲ့ရဲ့ထိန်းချုပ်မှုအောက်ရောက်ပြီဖြစ်ကြောင်း ၊ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်နေသော ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်အဖွဲ့မှ ဒီဇင်ဘာလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ကြေညာပါတယ်။

ချင်းညီနောင်အဖွဲ့အနေနဲ့ မြို့နယ်လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များအားလုံးကို စနစ်တကျလည်ပတ်လာနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ယခုအခါ ချင်းပြည်နယ် တောင်ပိုင်းနယ်တစ်ခုလုံး စစ်ကောင်စီ ထိန်းချုပ်မှုအောက်ကနေ အလုံးစုံလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်းနဲ့ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ နေရာများမှာ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုများအတူတကွ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဟာ ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ မင်းတပ်မြို့ပေါ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး မြေမြှုပ်မိုင်းများရှင်းလင်းနေရခြင်း၊ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေတာကြောင့် ခွင့်ပြုချက်မရှိပဲ မင်းတပ်မြို့ပေါ်သို့ ဝင်ထွက်သွားလာခြင်းမပြုရန်နှင့် အများပြည်သူများ ပြန်လည်နေထိုင်နိုင်မယ့်နေ့ကို ပြန်လည်ထုတ်ပြန်သွားမယ်လို့ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးများတွင် အာရက္ခတပ်တော်(AA) ကလည်း စစ်လက်နက်နဲ့ စစ်ရေးအကူအညီများပေးခဲ့ပြီး Chin Brotherhood (CB) ရဲ့မဟာမိတ်များဖြစ်တဲ့ Yaw Defense Force, Yaw Army, ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မုံရွှာခရိုင်တပ်ရင်း (၃) တို့မှ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။

ယခုအခါ ချင်းပြည်နယ်တောင်ပိုင်းနယ်တစ်ခုလုံးဖြစ်တဲ့ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ပလက်၀မြို့နယ် တို့ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေကင်းစင်သွားပြီဖြစ်ပါတယ်။ ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ အစောပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

ချင်းလက်နက်ကိုင် ၆ ဖွဲပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ် ကန်ပက်လက်မြိုနယ်က ကျင်ဒွေး၊ မတူပီမြို၊မင်းတပ်မြို့၊ ကန်ပက်လက်မြို့တိုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖလမ်းမြို့ကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *