နိုဝင်ဘာလ ၂၆ ရက်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အနောက်မြောက်ပိုင်းဒေသက ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ လက်ပံချောင်းကျေးရွာကို တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်က ဒီကနေ့နိုဝင်ဘာလ ၂၆ ရက်မှာ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်ကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့လို့ အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦးဒေသခံပြည်သူ ၄ ဦး သေဆုံးပြီလို့ သိရပါတယ်။
ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာမျိုးတော့ မရှိပေမယ့် စခန်းကြီးကျေးရွာ ဘက်ကနေ လေ့ကျင့်ရေး ၁၀ ထင်ပါတယ် ကျနော်အထင်တော့ သူတို့လေ့ကျင့်ရင်းနဲ့ ပြည်သူတွေကို အလကားနေရင်းသတ်နေတာ နေမှာပါ့ ေလာလောဆယ် လေးယောက်သေတယ်လို့ အကြမ်းဖျင်းသိထားရတယ်” လို့ပြောပါတယ်။
ကလေးမြို့နယ်ထဲက စစ်ကောင်စီလေ့ကျင့်ရေးစခန်းတွေ တပ်စခန်းတွေရှိတဲ့ စခန်းကြီးကျေးရွာကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကနေစလို့ ၁၀ နာရီခွဲအထိ ၄ ကြိမ်အထိ လက်နက်ကြီးနဲ့ လက်ပံချောင်းရွာကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အိမ်ခြေ ၁ ထောင် ဝန်းကျင်ရှိတဲ့လက်ပံချောင်းကျေးရွာဟာ ကလေးမြို့ကနေ ဆယ်မိုင်ခန့်ကွာဝေးပြီး ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ကျေးရွာဖြစ်သလို အခုလိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ အကြောင်းမဲ့ တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။