နိုဝင်ဘာလ ၂၅ ရက်။
အရှိုချင်းလူမျိုးတွေနေထိုင်တဲ့ အိမ်ခြေ တစ်ရာခန့်ရှိတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာ ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီလောက် ဝန်းကျင်ကစပြီး ရွာလုံးကျွတ်နေအိမ်အားလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “အိမ်ခြေတစ်ရာခန့်ရှိတယ် ဒီရွာက မီးမရှို့ခင် တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်ပြီးမှ မီးရှို့တာ။ ရွာသားတွေက ပြီးခဲ့တဲ့လက ထိတွေ့တိုက်ပွဲတွေ ရှိခဲ့လို့ အနီးအနားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်။ လက်ရှိအချိန်ထိ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်” လို့ပြောပါတယ်။
အဲဒီ နိုဝင်ဘာလ ၂၃ ရက်နေ့က အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မဟာမိတ်ပူးပေါင်း အဖွဲ့တွေက ဘုံးဘောရွာနားက ကျွဲတလင်းရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပြီး နေလယ် ၁ နာရီလောက်မှာ ဘုံးဘောရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိမှာ ထိတွေ့တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံတပ်တွေ ဘုံးဘောရွာမှာ ရှိနေသေးပြီး ရွာအနီးနားဝန်းကျင်တွေမှာ မိုင်းတွေထောင်ထားတာကြောင့် ရွာကိုကပ်လို့ မရသေးဘူးလို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။