
အောက်တိုဘာလ ၄ ရက်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က ပလက်ဝစစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင် အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ဆောင်းအဝတ်အထည်တွေ လိုအပ်နေတယ်လို့ ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက Chin World Media ကိုပြောပါတယ်။
ပလက်ဝစစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်ဟာ ပလက်ဝမြို့နယ်နဲ့ မီဇိုရမ်ပြည်က လူဦးရေစာရင်းဖြစ်ပြီး လက်ရှိ မီဇိုရမ်မှာ ပလက်ဝစစ်ဘေးရှောင် ၄ ထောာင်ကျော်ရှိပြီး ပလက်ဝမြို့နယ်မှာတော့ ၁ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “ မီဇိုရမ်ဘက်က စစ်ဘေးရှောင်တွေ အကူအညီလိုအပ်တာနဲ့ ကျတော်တို့ ဒီပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတာက အတူတူဘဲဖြစ်တယ် ဒီပြည်တွင်း ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေ ဆေးဝါး၊ စားနပ်ရိက္ခာ ပစ္စည်းလုံလောက်မှုမရှိဘူးဖြစ်နေတယ် ဒါက ပြည်ပ မီဇိုရမ်ဘက်က အတူတူဖြစ်နေတယ် မီဇိုရမ်ဘက်ရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေကလည်း အလုပ်အကိုင်မရှိတော့ စားဝတ်နေရေး တော်တော်လေးအကြပ်အတည်းရှိကြတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲက ပလက်ဝကောင်စီ အုပ်ချုပ်မှုလည်ပတ်နေတဲ့အောက်မှာ စစ်ဘေးရှောင် ၆ ထောင်ကျော်လောက်ရှိပြီး အရင်က အချက်အလက်အရ AA ထိန်းချုပ်မှုအောက်မှာတော့ စစ်ဘေးရှောင် ၈ ထောင်ကျော်လောက်ရှိမယ်လို့ ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံကပြောပါတယ်။
လက်ရှိဖော်ပြတဲ့ စစ်ဘေးရှောင်စာရင်းထဲမှာ ပြည်တွင်းက တခြားဒေသတွေဖြစ်တဲ့ ဟားခါး၊ ရန်ကုန်၊ မန္တလေး နဲ့ ပြင်ဦးလွင်စတဲ့ တခြား ဒေသတွေဘက်ကို စစ်ဘေးရှောင်နေကြရတဲ့ ပလက်ဝစစ်ဘေးရှောင်တွေရဲ့ စာရင်းကိုဖော်ပြထားခြင်းမရှိပါဘူး။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကစလို့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူတချို့ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ရပြီး ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက် တကျော့ပြန်တိုက်ပွဲပြင်းထန်ချိန်မှာတော့ ပလက်ဝဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာကို ထပ်မံပြီး အခုအချိန်အထိစစ်ဘေးရှောင်နေကြရပါတယ်။