Headlines

တော်လှန်ရေးဆိုင်ရာကိစ္စတွေကို ချင်းညီနောင်နဲ့ ပူးပေါင်းပြီး နိုင်ငံရေးကိစ္စကို (ICNCC)နဲ့ ပူးပေါင်းမယ်လို့ ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာညီလာခံမှဆုံးဖြတ်

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အနေဖြင့် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ချင်းညီနောင် (CB) နဲ့ အပြည့်အဝပူးပေါင်းပြီး နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကိုတော့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ပူးပေါင်းရပ်တည်မယ်လို့ ကန်ပက်လက်မြို့နယ် လုံးဆိုင်ရာ ပြည်သူ့ညီလာခံမှာဆုံးဖြတ်ကြောင်း တတိယကြိမ်မြောက် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ညီလာခံထုတ်ပြန်ကြေညာချက်အရသိရပါတယ်။

တတိယကြိမ်မြောက် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ညီလာခံကို သြဂုတ်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံကို ကန်ပက်လက်မြို့နယ်ကောင်စီနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ကန်ပက်လက်မြို့နယ်ရှိ မျိုးနွယ်စုကိုယ်စားလှယ်တွေ၊ ဒေသကိုယ်စားလှယ်တွေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF – Kanpetlet)က တာဝန်ရှိသူတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက် ပုဂ္ဂိုလ် စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ညီလာခံဆုံးဖြတ်ချက်အရ ကန်ပက်လက်မြို့နယ်အတွင်း ချင်းညီနောင် (CB) ၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ မည်သည့်နိုင်ငံရေးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ လက်မခံရန် ဆုံးဖြတ်ခဲ့ကြပြီး ကန်ပက်လက်မြို့နယ် ပြည်သူ့ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်သူရှိပါက အရေးယူဆောင်ရွက်မှုပြုလုပ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF – Kanpetlet) ကို စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးမှာ ပိုမို စနစ်ကျနိုင်ရေးတွက် တပ်ဖွဲ့စည်းမှုပုံစံကို စစ်ဦးစီးချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းပြီး တော််လှန်ရေးအရှိန်အဟုန် မြှင့်တင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Chinland Council ကို လက်မခံတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသား အဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ကာ ချင်းညီနောင်အဖွဲ့ဟာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့လက်တွဲဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *